ကလေးငိုသံကြောင့် ကမန်းကတန်း နိုးလာတော့ သားအတွက် ဖျော်ထားသည့်
နို့ဘူးလေးကို လိုက်စမ်းမိသည်။ နို့မရှိတော့။ အိပ်ရာဘေးမှာချထားတဲ့
နို့မှုန့်ထည့်သည့်ဘူးကိုကြည့်တော၊့ ညနေစောင်းချိန် ၁၀ အောင်စ
နို့ဘူးနှစ်ဘူး ဖျော်ပြီးကတည်းက နို့မှုန့်ကုန်သွားခဲ့ပြီဖြစ်ကြောင်း
အိပ်ရာမှနိုးစ ကျနော့်အမျိုးသမီးက လှမ်းပြောသည်။
“ဟာဒါဆိုဘယ်လိုလုပ်မလဲ”ကျနော်မေးမိတော့
ကျနော့်အမျိုးသမီးကခပ်အေးအေးပင် “လှည့်စားလိုက်မယ်လေ၊ မထွက်တဲ့ နို့ကို
တိုက်လိုက်မယ်”ဟု ပြန်ဖြေသည်။
အမျိုးသမီးက ကလေးကို ချော့ရင်း
မထွက်သော နို့ကိုတိုက်တော့ သားကလေးက ပြန်လည်အိပ်ပျော်သွားခဲ့ပါသည်။
သားကလေးကို နို့ဖြတ်ထားတာ နှစ်လလောက်ရှိပါပြီ။ ထိုင်းနိုင်ငံဆေးရုံတွေမှာ
မွေးသည့်ကလေးမှန်သမျှ ဆရာဝန်ညွန်ကြားချက်က ကလေးတိုင်း
နို့ခြောက်လတိုက်ရမည်ဟုဆိုသည်။ သို့ဆိုလျှင် မိခင်နို့ရည်
တနှစ်နှင့်ခြောက်လ သောက်သုံးခဲ့ရသော ကျနော့်သားကလေးအတွက်
ကုသိုလ်ကံကောင်းခြင်းဟုပင် ဆိုရပေမည်။
ကလေးနှင့် ကလေးအမေ
အိပ်ပျော်သွားခဲ့သော်လည်း အဖေတဦးဖြစ်သော ကျနော့်မှာ
အိပ်မပျော်နိုင်ဘဲဖြစ်ကာ အတွေးနယ်ထဲ ကျွံနစ် နေလေတော့သည်။
နေ့စဉ်စားသုံးနေသော နို့မှုန့်ကိုမှ သားလေးကို မတိုက်လိုက်ရသည့်အတွက်
ရင်ထဲတွင် ဆို့နင့်စွာခံစားနေရခြင်းလည်း ဖြစ်သည်။
ဤကဲ့သို့ခံစားမှုမျိုး
ကလေးမွေးပြီးသုံးလအကြာတွင် တကြိမ် ဖြစ်ခဲ့သည်ကို ပြန်လည် တွေးနေမိပြန်သည်။
အုန်းဖန်ဒုက္ခသည်စခန်း ဆေးရုံကဆင်းပြီး နို့ဘိုးဒုက္ခသည်စခန်းတွင်
ပြန်နေရသည့်အချိန်။ နို့ဘိုးဒုက္ခသည် စခန်းသည်ကားပေ ၂၀၀၀
ကျော်အမြင့်တွင်ရှိပြီး မိုးရာသီတွင် တပတ်ဆယ်ရက် နေကိုမမြင်ရသော
နေရာမျိုးဖြစ်သည်။
ရွာလိုက်သောမိုးကား စဲသည်မရှိ။ လျှော်ဖွတ်ထားသော
အ၀တ်များကို မီးကင်ပြီးအခြောက်ခံရသည်ကတမျိုး၊ ရက် ၂၀ ခန့်မိုးရွာလိုက်ပါက
အောက်မှ ခင်းထားသော အခင်းဝါးတို့သည် မှိုပေါက်ကာမှိုနံ့ ထွက်လာတော့သည်။ ဤသို့
ဖြစ်လာပါက မီးဖိုတွင် မီးသွေးများများထည့်ကာ အိမ်အောက်မှမီးမွေးရသည်က
အလုပ်ကြီးတလုပ်အဖြစ် လူကိုဒုက္ခလှလှ ပေးတော့သည်။ ဒါကနှစ်တိုင်းလိုလိုပင်။
ကလေးက
သုံးလမပြည့်မှီ သေးခံဝယ်ဖို့မိသားစု ဘတ်ဂျက်က လက်ကျန်မရှိတော့။
ပိုက်ဆံမကျန်တော့။ ကလေးမွေးသည့် အကြွေးကလည်းမကျေသေး။ နို့ဖိုးဒုက္ခသည်
စခန်းကဲ့သို့ အေးသောနေရာတွင် ညအိပ်လျှင် နွေရာသီ၌ပင်စောင်ခြုံရသောနေရာ။
သုံးလသားလေးက သေးခံမ၀တ်ဘဲ ပိတ်စကိုခါးမှာပတ်၍ မည်သို့
အိပ်ပျော်နိုင်ပါမည်နည်း။ ခဏခဏရှူရှူးပန်းနေသော ကလေးအဖို့ သေးနဲ့အတူ
စိုစွတ်သောရာသီဥတုကြောင့် အိပ်မပျော်နိုင်။ အိပ်ရေးပျက်ခဲ့ရသည့်
ရက်တွေကမနည်းတော့။ မိဘတဦး၏ ပီပြင်သောခံစားမှုမျိုး ပီပီသသခံစားမိလာသည်။
အသက်
၃၇ နှစ်တိုင် တကိုယ်တော်နေခဲ့သောနယ်စပ်ရောက် တော်လှန်ရေးသမား၊
နိုင်ငံရေးသမားတဦး၏ မရေရာသော ဘ၀က မိမိတဦးတယောက်ထဲ မဟုတ်တော့ဘဲ ကလေး
အတွက်ပါ ၀ဋ်ကြွေးပါလာခဲ့တော့သည်။
မိဘတိုင်းသည် သားသမီးများကို ဆင်စီးပြီး မြင်းရံသည်ကို မြင်ချင်သည်မှာ ဓမ္မတာပင်။
မိမိဘ၀ကို
တော်လှန်ရေးထဲတွင် နှစ်မြုပ်ထားနိုင်သော်လည်း ကလေးဘ၀ပါ မရေရာမသေချာသည့်
နိုင်ငံမဲ့ ကလေးမျိုးကို မည့်သည့် မိဘမျှ မြင်လိုမည်မဟုတ်။ ကိုယ်တိုင်
မည်၍မည်မျှ ငတ်တလှည့် ပြတ်တလှည့်ဘ၀ဖြင့် ရင်ဆိုင်ရပေဦးတော့
မတုန်မလှုပ်နေနိုင်ခဲ့သော်လည်း မိမိရင်သွေး သားကလေး၏ နောင်ရေးကို
စဉ်းစားကြည့်တိုင်း အိပ်လို့ပင်မပျော်တော့။
မိမိနေသော
တိုက်တန်းလျားဘေးတွင် ပလတ်စတိတ် လိုက်ကောက်နေသောကလေးများကို မြင်ရလေတိုင်း
အဖေတဦးအနေဖြင့် ရင်နင့်အောင် ခံစားရသည်။ အိမ်မှ အလုပ်ခွင်သို့
သွားရာလမ်းတွင် ကလေးငယ် နှစ်ဦး ပီနန်အိတ်ကို ကျောပေါ်ပိုးပြီး ပလတ်စတိတ်
လိုက်လံကောက်နေသည် ကိုမြင်တိုင်း ကျနော့်ရင်မှာ မချိအောင် နာကျင်ရင်း
တုန်လှုပ်မိသည်။
နေ့စဉ်ရက်ဆက် မြင်ရကြားရသော အရာတို့သည်
ရိုးအီသွားတတ်လေ့ရှိသော်လည်း လမ်းကြိုလမ်းကြားတွင် မြင်နေရသော
မြန်မာကလေးငယ်တို့၏ ပုံရိပ်များသည်ကား ကျနော့်အတွက် ရိုးအီမသွားသည့်
အပြင်ကျနော့်နှလုံးသားပေါ်တွင် အရှိုးရာ ထင်းထင်းကြီးစွဲထင်၍
ကျန်ရစ်စေလေသည်။
ကျနော့်အဖေ ရွာသူကြီး ပြောခဲ့သော
စကားကိုလည်းပြန်လည် ကြားယောင်မိရင်း တုန်လှုပ်မိသည်။ “ခေါင်းဆောင်
ဖြစ်ချင်ရင် စာများများဖတ်”။ အော်.. ကျနော့်ကို ခေါင်းဆောင်တဦး
ဖြစ်စေလိုသော အဖေ၏ မျှော်မှန်းချက်ကား ကြီးမားလှပေစွ။ အဖေ့၏ရည်မှန်းချက်ကို
မဖြည့်ဆည်းနိုင်ခဲ့သော်လည်း အဖိနှိပ်ခံလူမျိုးများဘက်မှ
ရပ်တည်ပေးနေခဲ့သည့် သားတယောက်ကိုဖြင့် အဖေ ကြားရတိုင်း
ကျေနပ်နိုင်လိမ့်မည်ဟု ကျနော် မချင့်မရဲ တွေးထင်မိပါသည်။
ယခု
ကျနော်ကိုယ်တိုင် ဖခင်တယောက် ဖြစ်ခဲ့ပါလေပြီ။ ကျနော့်အလှည့်တွင်
အဖေရွာသူကြီးတဦး ပြောခဲ့သောစကားကိုပင် ပြောနိုင်ပါအုံးမည်လော။
“ခေါင်းဆောင် ဖြစ်ချင်ရင် စာများများဖတ်”ဟုပြောဖို့ရာ ကျနော့်မှာ
စိတ်မကူးရဲ။
နိုင်ငံတခုတွင် တရားမ၀င်နေထိုင်ရသော လူသားတဦးအဖို့
ဒုက္ခဆိုသော စကားအဓိပ္ပာယ်ကို မတို့ချင် မထိချင် ဖွင့်ဆို မနေချင်တော့။
နိုင်ငံမဲ့ဆိုသောစကားသည် လူသားတဦးအဖို့ မည်သို့သောဝိသေသကို
ဆောင်ကြဉ်းလာလေသနည်း။ နိုင်ငံမဲ့နောက်ကွယ်တွင် မရေတွက်နိုင်သော လောကဓံတို့
ရင်ဆိုင် တွေ့ရပေဦးမည်လေ။
ကျနော့်အဖေ ရွာသူကြီးသည်
ကျနော်ကျောင်းနေစဉ်က ဖတ်ခဲ့သောဘီရိုထဲမှ စာအုပ်များကိုမည်သည့်
ပုဂ္ဂိုလ်ကိုမှ ဖတ်ရှုခွင့် မပေးကြောင်း နယ်စပ်သို့ရောက်လာသော ရဲဘော်တဦးက
ကျနော့်ကို ပြန်ပြောခဲ့ဖူးသည်။ အဖေတယောက်က သားအပေါ်တွင် တန်ဖိုးထားမှုကို
လေးစားမိသည်၊ ချီးကျူးမိသည်။ ကျနော်ကရော အဖေကဲ့သို့ တာဝန်ကျေနိုင်ပါမည်လော။
ဤသို့ တွေးမိလေတိုင်း နက်ရှိုင်းသော ခံစားမှုများ ဖြစ်ပေါ်လာစမြဲ။
ကျနော်နှင့်
ကျနော့်အမျိုးသမီးတို့သည် ရခိုင်လူမျိုး စစ်စစ်ပင် ဖြစ်သည်။
မည်သည့်လူမျိုးသွေးမှ မရောသော သူများဖြစ်သည်။
ထို့အပြင်ကျနော်တို့နှစ်ဦးသည် ရခိုင်စကားကိုပြောဆိုနိုင်သည်။ ရခိုင်
ရာဇ၀င်လာ “အမျိုးနဲ့ သီလ”ကိုစောင့်ထိမ်းခဲ့သူများဖြစ်သည်။
ဤသို့ပြောဆိုခြင်းသည် အခြားသူတပါးအပေါ်တွင် ရှုတ်ချလိုသည့် စိတ်အလျဉ်းမရှိ။
သို့ရာတွင်
ကျနော် ရောက်နေသော နေရာသည် ရခိုင်ပြည်မဟုတ်။ ရခိုင်စကား ပြောသော
နေရာမဟုတ်။ ကျနော်တို့သည် ထိုင်းနိုင်ငံတွင် တရားမ၀င် နေထိုင်နေသော
သူများသာ ဖြစ်သည်။ ကျနော့်မိသားစုနေသော ၀န်းကျင်တွင်ကား ခရစ်ယန်၊ မူဆလင်၊
ဗုဒ္ဓဘာသာဝင်၊ စသည်ဖြင့် စုံလွန်းလှသည်။ ဘာသာစကားတွင်လည်း ထိုင်း၊ ကရင်၊
မွန်၊ ရခိုင်စသည်ဖြင့် ဘာသာစကားမျိုးစုံ ပြောဆိုနေသူများ ရှိရာနယ်မြေ။
ကျနော့်သားကလေးကို
ရခိုင်စကားပြောရမည်ဟု တုတ်ကိုင် ခြိမ်းခြောက်အကျပ်ကိုင်ကာ ရခိုင်စကား၊
ရခိုင်စာကို ချစ်ကြောင်း ပြသင့်သလော။ နိုင်ငံမဲ့ဖြစ်နေသော ကျနော့်သားအပေါ်
ဤသို့ ပြောဆိုဆုံးမခြင်းသည် တရားမျှတပါမည်လော။ သားကလေး၏ မပီကလာ စပြောလာသော
စကားက “ပေးပေး” တဲ့။ လူ့ဘ၀ လူ့လောကထဲသို့ ကျင်လည်ရမည့် လူသားတဦး
ပထမဆုံးပြောလာသော စကားကို တော်လှန်ရေးသမား အဖေတဦးက ဟိုလိုမပြောနဲ့
ဒီလိုပြောနဲ့လို့ ပြောသင့်ပါရဲ့လား။
အော်..မရေရာမသေချာသော လူသားတဦး၏ ဘ၀ပုံရိပ်က မပီပြင်ဝိုးတ၀ါး နိုင်လွန်းလှပါတကားဟု ကျနော်ခံစား တွေးတောမိရင်း ရင်ထဲနင့်နေခဲ့သည်။
အချို့မိတ်ဆွေသူငယ်ချင်းများ၏
မြင်နေရသော မိသားစုဘ၀သည် ကျနော့်အတွက် သင်ခန်းစာ။ အရွယ်ရောက်၍
ရွှေ့ပြောင်းကျောင်းများတွင် နေခွင့်ရခဲ့ပါက ကလေးအတွက် ကုသိုလ်ကံ
ကောင်းသည်ဟုပင် ပြောရပေမည်။ စင်ကာပူ၊ အော်စီ၊ ဥရောပ၊ အမေရိကားက
ကျောင်းများကို အိပ်မက်ထဲတွင်ပင် မက်လို့မရ။ မိမိကိုယ်တိုင်
ပညာဆည်းပူးခွင့် ရခဲ့သော ရန်ကုန်တက္ကသိုလ် ၀င်းထဲက ဂန္တ၀င်
ကျောင်းဆောင်များအကြောင်းကို ပုံပြင်တပုဒ်လို ပြောပြနိုင်မည့်
ခံနိုင်ရည်မျိုး ကျနော့်မှာ မရှိတော့။
မိမိကိုယ်တိုင်
မရေရာမသေချာသည့် တော်လှန်ရေးခရီးကို ဖြတ်သန်းရင်း ရင်သွေးတို့၏ဘ၀တွေပါ
ပေးဆပ်ခဲ့ရသော မိသားစုများ မြန်မာနယ်စပ်တလျှောက် မရေတွက်နိုင်အောင်ပင်
များပြားလှပါဘိ။ မိမိတို့ မိသားစု တခုတည်းမဟုတ်ဟု ဖြေသိမ့်ရင်း
အိပ်ပျော်အောင် ကြိုးစားရသည်။ မျက်လုံးများက မှိတ်ထားသော်လည်း အတွေးများက
မှိတ်ထား၍မရဘဲ ရှိနေလေရာ မလှမပအဖြစ်ဖြင့် ရှေ့ဆက်ရမည့် မိသားစုဘ၀ကြမ္မာကို
တွေးနေမိကာ ရင်ထဲတနင့်နင့်နှင့် လှိုက်ဖိုရင်း မိုးလင်းလုလု နေ့များစွာကို
ဘယ်၍ဘယ်မျှ ဖြတ်သန်းရအုံးတော့မည်ကို မသိနိုင်တော့ပါချေ။
သားကလေးရေ..
သားကလေးကြီးလာရင် မင်းဘိုးဘိုးကြီး ဖေဖေ့ကိုပြောခဲ့တဲ့ “စာများများဖတ်”
ဆိုတဲ့စကားကို လက်ဆင့်ကမ်း ပြောနိုင်ခဲ့ခြင်း မရှိခဲ့တဲ့ အဖေတယောက်အပေါ်
ခွင့်လွှတ်နားလည်နိုင်မှာလေလား….။








0 comments:
Post a Comment