နိုင်ငံရေးဒီလှိုင်းက
အရှိန်ပြင်းသည်ထက် ပိုပြင်းလာသည်။ ဒီလှိုင်းစီးသူ အချင်းချင်း လက်တွဲ
ခိုင်မြဲဖို့၊ ရဲဘော်ရဲဘက်စိတ်ထား၏ အခန်းကဏ္ဍက ပို၍ အရေးကြီးလာပြီ။ ဤအချက်ကို
ကျွန်ုပ်ကိုယ်ဖျောက်ဝိဇ္ဇာနှင့် အာစရိ, ဦးအလံမလှဲတို့ ဆွေးနွေးဖြစ်ကြသည်။
ထိုသို့ဆွေးနွေးစဉ်က၊
အာစရိ, ဦးအလံမလှဲက သူသိထားသော ဂဠုံဆရာစံ လယ်သမား သူပုန် တပ်စိပ်တစိပ်၏
ထူးခြားဖြစ်ရပ်ဆန်းကို သင်ခန်းစာယူနိုင်ကြဖို့ရာ.၊ နောက်ကြောင်း ပြန်လေသည်။
“ဒီမယ်..ကိုယ်ဖျောက်ဝိဇ္ဇာ။
ဆရာစံသူပုန်ရဲ့ဘူမိနက်သန်က သာယာဝတီကွဲ့။ ဒါကြောင့်, သာယာဝတီသား
ကိုယ်တော်မြတ်တွေက မြို့အ၀င်မှာ ဧရာမကဗျည်းကြီး စိုက်ထူထားလေရဲ့..။
’ဆရာစံနယ်မြေ´တဲ့..”
စကားပြောဆိုနေရင်း အာစရိ, ဦးအလံမလှဲ၏ စတိုင်က၊ ဖိုးပြုံးချိုပုံဟန်အတိုင်း ပြုံးစိပြုံးစိဖြစ်လာ၏။
“ဟဲ..ဟဲ..နည်းနည်းတော့
ကြွားရဦးမယ်..။ အာစရိ က ဆရာစံ နဲ့ တမြေတည်းနေ, တရေတည်းသောက်။
အာစရိ..ရဲ့, အဘိုးဦးစိန်ခိုက၊ ဆရာစံ..ရဲ့, လက်ရင်းတပည့်ကြီး..။
သူ့ရွာမှာတော့ကာလသားခေါင်း..”
ထိုသို့ပြောရသည်ကို၊ အာစရိ, ဦးအလံမလှဲက အာတွေ့နေပုံရသည်။ ဇာတိမာန်ဆိုသည်က စေ့ဆော်၍လား..။ မာန်ပါပါဖြင့် အားပါးတရ ဆက်ပြောသည်။
“ဆရာစံရဲ့ အစီအရင်ကြောင့်၊ အဘိုးဦးစိန်ခိုစွမ်းလိုက်ပုံးများ, အံ့ဘနန်းပါပဲ..”
ထို့နောက်
ဦးအလံမလှဲက ထိုင်လျက်စကားပြောရသည်ကို အားမရ၍ ဖြစ်မည်။ ဇတ်ခနဲ
မတ်တတ်ရပ်လိုက်ပြီးမှ၊ စကားကို အားမာန်အပြည့်ဖြင့် ဆက်ပြောသည်။
“ဟိတ်..အဘိုးဦးစိန်ခို
စွမ်းလိုက်ပုံက၊ ဟောဒီလို..။ ခါးတောင်းကိုမြောင်အောင် ကျိုက်လိုက်တယ်။
ပေါင်နှစ်ဘက်မှာ ထိုးကွင်းတွေက ထင်းနေတာပဲ။ အောက်ခံ အနက်ရောင်စိုစိုပေါ်မှာ၊
အစိမ်းရောင်က ရွှမ်းလက်လို..။ သူ့ခေတ်နဲ့သူ, ကြည့်ကောင်းသား..”
ဦးအလံမလှဲက
ပြောပြောဆိုဆို သူ့ဘာသာသူ ခါးတောင်းကျိုက်လိုက်၏။ ထို့နောက်
ဒူးနှစ်ဘက်ကို အနည်းငယ်မျှကွေးချလိုက်သည်။ ပေါင်နှစ်ဘက်ကို
လက်ဝါးနှစ်ဘက်ဖြင့်ပြိုင်တူ သုံးချက်ရိုက်လိုက်သည်။
“ဖျန်း..ဖျန်း..ဖျန်း..။ နောက်ဆုံး`ဖျန်း´သံရပ်သွားတာနဲ့၊ ဟောဒီလို ထခုန်လိုက်တယ်။ ”
ဦးအလံမလှဲက မိုးပေါ်ခုန်တက်သည့်`ဟန်´ဖြင့် သရုပ်ပြလိုက်၏။ ပြီးတော့, မတ်တတ်ရပ်နေရင်းက၊ ထိုင်ချလိုက်သည်။ စကားကို ဆက်ပြောသည်။
“ဟိုက်..အဘိုးဦးစိန်ခို..လွှားခနဲ
မြောက်တက်သွားလိုက်တာ..၊ ၀ါးတရိုက်အမြင့်လောက်ထိ ရောက်သွားတယ်။ နောက်မှ
တဖြည်းဖြည်းပြန်ကျလာတာ။ ကြောင်ကလေးတစ်ကောင်..မြေကြီးပေါ် ငြိမ့်ငြိမ့်လေး
ပြန်ကျလာသလိုပဲ။ `ဖုတ်´တဲ့..”
“ဗျာ..”
“ဒီမှာ..ကိုယ်ဖျောက်ဝိဇ္ဇာ..။ နောက်တစ်မျိုး ပြောပြဦးမယ်။ ကြားရသူတွေကတော့၊ မယုံတ၀က် ယုံတ၀က် ယုံရ ခက်ခက် ဖြစ်ကြပါလိမ့်မယ်..”
ဦးအလံမလှဲက ကြိုတင်စကားအခံထားပြီးမှ ပြောလေသည်။ “နံမည်ကသူတို့အခေါ်, ထွန်းတင်ကြီး, တဲ့..။ ဆရာစံရဲ့ ဂဠုံတပ်ဖွဲ့ဝင် သူပုန်တပည့်ပဲ။ အဘိုးဦးစိန်ခိုအောက် အသက်လေးငါးနှစ်ငယ်တယ်။ ”
ဦးအလံမလှဲက ထွန်းတင်ကြီးဆိုသူကို မိတ်ဆက်အပြီးမှာ၊ ထူးပေ့ဆန်းပေ့ဇာတ်လမ်းကို ပြောပြ၏။
“တိုက်ပွဲတပွဲမှာပုလိပ်က
နှစ်လုံးပြူးသေနတ်ထဲ စရိတ်ကျည်ဆံ ထဲ့ပြီးပစ်လိုက်တယ်….။ ကျည်ဆံခွံထဲမှာ
ယမ်းမှုန့်နဲ့`ခဲ´အလုံးတွေ ထည့်ထားတာ။
ကျည်ဆံခွံထဲက`ခဲ´အလုံးတစ်လုံးကထွန်းတင်ကြီးရဲ့ဘယ်ဘက်ရင်ဘတ်ကို လာမှန်တယ်…။
ထွန်းတင်ကြီးလဲကျသွားရော..”
“ အိုး…”
ကျွန်ုပ်ကိုယ်ဖျောက်ဝိဇ်ဇာ..၊ စိတ်ထဲ`ထင့်´သွားပါ၏။ ထွန်းတင်ကြီးခမျာ၊ ဘာတွေ ဘယ်လို ဖြစ်တော့မည်နည်း..။
“အား..ထွန်တင်ကြီးက,
ချက်ချင်း အရုပ်ကြိုးပြတ်ပုံလျက်သား ခွေခနဲ လဲကျသွားတယ်။ ဂဠုံတပ်ဖွဲ့ဝင်
သုံးယောက်က၊ ထွန်းတင်ကြီးကို တလှည့်စီ ထမ်းလို့.။ ထမ်းပြေး, ပြေးပြီး
ကသောကမျော ပြန်ဆုတ်ခဲ့ရတယ်။ ကျည်မှန်တဲ့နေရာမှာ သွေးထွက်တာ မရှိ။
ပေါက်တာပြဲတာမရှိ။ ဖူးတာရောင်တာမရှိ။ အညိုအမဲစွဲတာ မရှိ။ ဒါပေမယ့်..”
ဦးအလံမလှဲ၏မျက်နှာကပြောရင်းဆိုရင်း ရှုံ့ကာမဲ့ကာ မပြုံးမချိုဖြစ်လာပြီးဂရုဏာသံဖြင့် ဆက်ပြော၏။
“ထွန်းတင်ကြီးခမျာ..ခဲသီးထိမှန်ထားတဲ့
ဘယ်ဘက်ရင်အုံက၊ တအားနာ, တအား အောင့်လို့ တဲ့။ ညာဘက်လက်ဝါးနဲ့ဖိပြီး
အော်ဟစ် ညည်းငြူနေရတာကတော့ တရစပ်ပဲ။ ဒီသတင်းပျံ့သွားရင်၊ ပုလိပ်က
လာဖမ်းမယ်။ ဒါကြောင့် ထွန်းတင်ကြီးကို လူသူဝေးတဲ့ စပါးကျီကြီးတစ်ခုထဲမှာ၊
လူမသိသူမသိ သွားထားရတယ်..”
ဦးအလံမလှဲက
ဆက်ပြောသည်မှာ၊ လူနာ ထွန်းတင်ကြီးနှင့်အတူ ဂဠုံတပ်ဖွဲ့ဝင် ရဲသုံးဘော်က၊
အဖေါ်အဖြစ် အတူရှိနေကြသည်….။ ရဲသုံးဘော်ဟူသည် ထွန်းတင်ကြီးကို သယ်လာခဲ့သော
ရဲဘော်ရဲဘက်(၃)ယောက်ကို ဆိုလိုသည်။
ထွန်းတင်ကြီးက
အစာမစား။ ရေအနည်းငယ်မျှကိုသာ သောက်သည်.။ တရစပ် အော်ညည်းနေသည်။
အော်ညည်းသံက ပို၍ပို၍ကျယ်လောင်လာသဖြင့်..၊ ရဲသုံးဘော်တို့
အချင်းချင်း..သူ့ကြည့်, ငါ့ကြည့် ဖြစ်ကုန်ကြပြီ။
ခေါင်းချင်းရိုက်ကုန်ပြီ..။
မကြာမတင်မှာပဲ၊
ရဲသုံးဘော်က အချင်းချင်းလက်တို့ကာ၊ အပြင်ဘက်ထွက်လိုက်သည်။ ထွန်းတင်ကြီး
မကြားနိုင်လောက်သော မလှမ်းမကမ်းနေရာတွင်’စကားဝိုင်း’ထိုင်ကြပြီ..။
အသက်ကြီးဆုံးသူက စတင်ဆွေးနွေး၏။
“ဒီပုံနဲ့ဆို
ဒို့တတွေအပြုံလိုက် အဖမ်းခံရလိမ့်မယ်.။ ကိုယ့်တိုင်းပြည်
ကိုယ့်လူမျိုးအတွက်မို့၊ အဖမ်းခံရမှာ မကြောက်ဘူး။ အသတ်ခံရမှာ ဂရုမစိုက်ဘူး။
ဒါကြောင့် သူပုန်ထခဲ့တာပဲ..”
ထိုသူ၏မျက်နှာကြောက၊ ဘာဆိုဘာကိုမျှမမှုသည့်မျက်နှာကြော..။ သို့သော်သူ့တွင်စိုးရိမ်ချက်ကရှိနေသည်။ ဒါကိုသူကဖွင့်ဟပြီ။
“ကိုကြီးထွန်းတင်ကို
ငဲ့ညှာပြီး မခွဲနိုင်မခွာရက်လုပ်နေရင်..၊ တပ်အင်အားမှာ
ဒို့သုံးယောက်လျော့နေမယ်။ တိုက်အားက ဆက်ကျမယ်။ တိုက်တိုင်း ရှုံးမယ်။
နောက်ဆုံးမှာ တပ်ပြိုမယ်။ ဖေါင်ပျက်ကိန်းဆိုက်မယ်။ ကိုင်း..ဒီတော့,
မဆိုင်းမတွ ဘာလုပ်ကြမလဲ..”
တစ်ယောက်ကမ၀ံ့မရဲလေသံဖြင့်ဆို၏။
“ဒီလိုလုပ်ရင်ကောင်းမလား....
ထိုလူသည်စကားကို`စ´ရုံမျှသာ`စ´နိုင်သည်။
ရုတ်ချည်းပင်`တန့်´သွားသည်..။ `တွေ´သွားသည်…။ ခဏတွင်းပင်
စိတ်ပျက်ပျက်လေသံဖြင့်သူ့စကားကို သူ့ဘာသာသူ ပြန်လည် ရုတ်သိမ်းလိုက်သည်။
“ဟာ..ကွာ။ ..မလုပ်ရက်ပါဘူး။ ”
စကားကအင်္ဂါမစုံသဖြင့်အပြင်လူများနားလည်နိုင်မည်မဟုတ်..။
သို့သော် ထိုသုံးဦးစလုံးကမူ..၊ သူတို့အချင်းချင်း သွေးဖြင့်
ပြောသည့်စကားဖြစ်၍၊ သွေးဖြင့် နားလည်ကြသည်..။
ဤနားလည်မှုက
ရဲသုံးဘော်အား သူတို့ ထမ်းဆောင်ရမည့် တာဝန်ကို လှစ်ဟပြလိုက်သည်။ သို့သော်
သံယောဇဉ်နှောင်ကြိုးက ချီတုပ်ထားသဖြင့် ရဲသုံးဘော်တို့ တွေဝေခဲ့သည်။
မပြတ်မသားဖြစ်ခဲ့သည်။ တာဝန်ပျက်ကွက်ခဲ့သည်။
သို့ဖြင့်ရဲသုံးဘော်မှာ၊
သူတို့အခေါ် ကိုကြီးထွန်းတင် အပါးသို့ ပြန်ရောက်သွားကြပြန်သည်။ ထိုစဉ်
ထွန်းတင်ကြီးက အော်ညည်းရင်းကနေ ကြိုးစားပြီး အားယူကာ စကားဆိုလေသည်။
သူ့စကားလုံးတွေက
ပုံမှန်အတိုင်း မပြေပြစ်၊ မပြီသ။ ထစ်ငေါ့လွန်းသည်။ အသံ အနိမ့်အမြင့်,
အတိုအရှည်, အဖြတ်အတောက်, တို့ကမမှန်..။ ဂီတဆရာတို့ကမူ၊ နရီစည်းဝါး
ကမောက်ကမဖြစ်သည်ဟု ဆိုလေမလား..။ အိုးနင်းခွက်နင်းနိုင်လွန်းလှသည်။
ထို့ကြောင့်ထွန်းတင်ကြီး၏ စကားကို အများ နားလည်လွယ်အောင်၊ အောက်ပါအတိုင်း စာစီ ရေးသီလိုက်ရပေသည်။
“ရဲဘော်တို့…
ထွန်းတင်ကြီး၏နှုတ်မှဦးစွာ
ထွက်လာသော စကားဖြစ်သည်။ ထိုစကားလုံး၏ နက်ရှိုင်းမှုကို၊ ရဲသုံးဘော်က သိသည်။
ထို့ကြောင့် သုံးယောက်စလုံးကချက်ချင်း မတ်တတ်ရပ်ပြီးနာခံကြတော့သည်။
ထွန်းတင်ကြီး၏ စကားလုံးများက ထွက်လာကြပြီ။
“ငါသည်..
ရဲဘော်တို့၏ တပ်စိတ်မှူးဖြစ်သည်။ တပ်စိတ်မှူး အဖြစ်ဖြင့်၊ ပြောစရာ
ရှိတာကို ပြောခဲ့မည်။ မြေ၀ယ်မကျ, နားထောင်ကြ။ အမိန့်ပေးစရာရှိတာကို
အမိန့်ပေးခဲ့မည်။ တိကျပြတ်သားစွာ ဆောင်ရွက်ကြ။
“ရဲဘော်တို့..
သေချာနားထောင်..။
ရဲဘော်တို့သည် ငါ့အတွက် တိုက်ပွဲဝင်လာကြသူများ မဟုတ်။ တိုင်းပြည်နှင့်
လူမျိုး သက်သက် အတွက် တိုက်ပွဲဝင်နေသူများသာဖြစ်သည်။ ဒီအချက်ကိုသတိပြု။ “ငါသည်လည်း ငါ့အတွက် တိုက်ပွဲဝင်လာသူမဟုတ်။ တိုင်းပြည်နှင့်လူမျိုးသက်သက်အတွက်၊ တိုက်ပွဲ ၀င်နေသူသာဖြစ်သည်။ ဒီအချက်ကိုလည်း သတိပြု။
“ငါသည်
ယခုဘ၀တွင် ဆက်လက် တိုက်ပွဲဝင်နိုင်စွမ်းမရှိတော့ပြီ….။ တိုက်ပွဲဝင်ခွင့်
ဆုံးရှုံးရချေပြီ..။ နောင်တမလွန်ဘ၀တွင် ဆက်လက် တိုက်ပွဲဝင်မည်ဟု
ငါကတိပြုသည်။
ထွန်းတင်ကြီး၏ကတိပြုချက်ကိုကြားရသည်နှင့်..၊
ကျွန်ုပ်ကိုယ်ဖျောက် ၀ိဇ္ဇာ ကြက်သီးဖျန်းသွားသည်။ ဆံပင်တွေ, မွှေးညှင်းတွေ
ထောင်တက်ကုန်သည်.။ ထွန်းတင်ကြီးပြောဆိုနေသည့် စကားသံတွေကိုမူ
ဆက်လက်ကြားနေရသည်။
“ရဲဘော်တို့..ငါ၏ လက်ရှိလူနာဘ၀က၊ ရဲဘော်တို့ကို စစ်မချီနိုင်အောင် ရစ်ပတ်နှောင်ဖွဲ့ထားလေပြီ။
“ရဲဘော်တို့..ငါ့ကြောင့် စစ်သည်အင်အားသုံးယောက်၊ စစ်မြေပြင်တွင်
လျော့နည်းနေသည်။ ငါ၏ လက်ရှိဘ၀သည် တော်လှန်ရေးကို အနှောက်အယှက် ပြုနေပြီ။
“ရဲဘော်တို့..တိုင်းပြည်နှင့်လူမျိုးအကျိုးကို ဦးထိပ်ထားလော့..။ ငါ့အား ယခုပင်လျှင် စတေးလော့..။ ဒါသည်..ငါ၏အမိန့်..။
ကျွန်ုပ်ကိုယ်ဖျောက်ဝိဇ္ဇာ တုန်လှုပ်သွားမိ၏။
“ရဲဘော်တို့.. ငါ့အားစတေးပြီးသည်နှင့် ချက်ချင်းပင်လျှင် စစ်ချီလော့..။ ဒါသည်..ငါ၏အမိန့်။
“ရဲဘော်တို့..ငါ့အမိန့်အတိုင်း ချက်ချင်း ဆောင်ရွက်ကြ။ ဒါပဲ။ ”
စူးစူးစိုက်စိုက်
နားထောင်နေသော ရဲသုံးဘော်တို့ ရုတ်ချည်း မျက်နှာပျက်ကုန်ကြသည်။
အချင်းချင်း သူ့မျက်နှာကိုယ်ကြည့်...။ ကိုယ့်မျက်နှာသူကြည့်...။
အပြန်အလှန်ကြည့်ကုန်ကြရပြန်ပြီ။
ထွန်တင်ကြီး
အမိန့်ပေးလိုက်သော တာဝန်ကို.၊ ရဲသုံးဘော်က အစောလေးက ‘စကားဝိုင်း’
ထိုင်ပြီး၊ သွေးချင်းပြောသဖြင့် နားလည် သိရှိခဲ့ကြပြီးဖြစ်သည်.။
သို့သော်ရဲဘော်ရဲဘက် သံယောဇဉ် နှောင်ကြိုးက အထပ်ထပ်
ရစ်ပတ်နှောင်ဖွဲ့ထားသဖြင့်၊ ထိုတာဝန်ကို ထမ်းဆောင်ဖို့၊ ဟိုငဲ့, ဒီငဲ့,
ငဲ့ခဲ့သည်..။ တွေဝေခဲ့သည်။
တိုက်ဘော်တိုက်ဘက်, သေဘော်သေဘက်, ရဲဘော်ရဲဘက်..။ ရန်သူသတ်လို့မသေသူကို၊ ကိုယ်, ကိုယ်တိုင်က ပြန်သတ်ဖို့ရာ ခက်ခဲ တွန့်ဆုတ်လွန်းလှသည်။
ယခုတော့ ကာယကံရှင်လည်းဖြစ်သူ၊ ရဲသုံးဘော်၏ အကြီးအကဲလည်းဖြစ်သူ ကိုယ်တိုင်က၊ အမိန့်ဖြင့်တာဝန်ပေးလိုက်ပြီ။
ရဲသုံးဘော်တို့က စဉ်းစားသည်။ အမိန့်ဆိုတိုင်း နာခံရမည်လော။ တာဝန်ဆိုတိုင်း ထမ်းဆောင်ရမည်လော။
အမိန့်ဟုဆိုရာတွင်
ကိုလိုနီနယ်ချဲ့ဗြိတိသျှအစိုးရ ဖိနှိပ်သူက တောင်သူလယ်သမားများကို
ဖိနှိပ်ရန်ပေးအပ်လိုက်သည့် အမိန့်လော..။ ထိုအမိန့်သည် မတရားသောအမိန့်..။
ဖိနှိပ်ခံရသူ
တောင်သူလယ်သမားများကို ကိုယ်စားပြုခေါင်းဆောင်သူ ဆရာစံက ဗြိတိသျှအစိုးရ
ဖိနှိပ်သူကို ခုခံတွန်းလှန်တိုက်ထုတ်ရန် ပေးအပ်လိုက်သည့် အမိန့်လော..။
ထိုအမိန့်သည် တရားသောအမိန့်..။
ယခု
ဂဠုံတပ်စိတ်မှူး ကိုကြီးထွန်းတင်က၊ သူ၏
ရဲသုံးဘော်အားပေးလိုက်သောအမိန့်သည်၊ တောင်သူလယ်သမားများအား ဖိနှိပ်သော
ဗြိတိသျှအစိုးရဖိနှိပ်သူကို ခုခံတွန်းလှန်တိုက်ထုတ်ရန်
ပေးအပ်လိုက်သည့်အမိန့်..။ ထိုအမိန့်သည် တရားသောအမိန့်..။
ဖေါ်ပြခဲ့သော
တွေးဆချက်များကို ရဲသုံးဘော်က ဆရာစံ၏တပည့်များပီပီ
သဘောပေါက်ထားပြီးဖြစ်သည်။ သို့ဖြစ်၍ရဲသုံးဘော်ထဲက အကြီးဆုံးသူက၊
သူ့တပ်စိတ်မှူးကိုကြီးထွန်းတင်ကို ဘ၀တပါးသို့သူ ကိုယ်တိုင်ပို့ပေးမည်။
ဘ၀အကူးတွင် ခံစားရမည့် နာကျင်မှုဝေဒနာ သက်သာနိုင်သမျှ သက်သာစေရန်၊
သူ့လက်သုံးတော် ငှက်ကြီးတောင်ဓါးရှည်ကို၊ ဓါးသွေးကျောက်ပေါ်တင်၍
တမြမြထက်အောင် သွေးလေပြီ။
ဓါးသွေးသည့်
အသံနှင့် ရှေ့ဆင့်နောက်ဆင့်ကြားရသည့်အသံက မြင်းခွာသံ.။ မြင်းခွာသံက
နီးသည်ထက် ပို၍ပို၍ နီးနီးလာသည်။ ထိုသို့ နီးနီးလာပြီးကာမှ မြင်းခွာသံက
ရုတ်ချည်းပင်..၊ ပျောက်သွားပြီ..။ သို့သော်မြင်းရှင်ကိုယ်တိုင်က၊
ရောက်ချလာပြီ..။
သြော်..မြင်းရှင်က..ဦးစိန်ခို..ကိုး..။
ရဲသုံးဘော်တို့
အားတက်သွားသည်။ စိတ်လက်ပေါ့ပါးသွားသည်။ ကာယကံရှင်
ကိုကြီးထွန်းတင်၏အမိန့်အရ ထမ်းဆောင်ရတော့မည့် ရင်နင့်ရင်နာဖွယ် တာဝန်ကြီး
ကိုဦးစိန်ခိုအား ထိုးအပ်ခွင့်ရပြီ..။
ဦးစိန်ခို၏အမိန့်အတိုင်းတာဝန်ထမ်းဆောင်ရသည်က၊ စိတ်သက်သာရာ အနည်းနှင့်အများ
ရလိမ့်မည်ဟု တွက်ဆကြသည်။
ဦးစိန်ခိုက ခရီးရောက်မဆိုက်နဖူးမှ ဒီးဒီးကျနေသော ချွေးများကို သူ့လက်ညှိုးဖြင့် ရှင်းထုတ်ပစ်လိုက်သည်။
ရဲသုံးဘော်က
ကိုကြီးထွန်းတင် ဝေဒနာ ကြီးကြီးမားမား ခံစားရပုံ၊ ကိုကြီးထွန်းတင်၏
အမိန့်၊ မိမိတို့၏ သဘောထားများ..။ အစုံအလင်ကို ဦးစိန်ခိုအား တီးတိုး
အစီရင်ခံလိုက်သည်။
ဦးစိန်ခိုမှာ
ခရီးပမ်းသဖြင့်လေးလံထိုင်းမှိုင်းနေရာမှ၊
ချက်ချင်းဇိုးဇိုးဇတ်ဇတ်ဖြတ်လတ်လာတော့သည်။
သူ့ပင်ကိုယ်သံသြသြကြီးဖြင့်ဆိုလေသည်။
“ဟိုက်..ဒီကောင်ကြီး ဘယ်မှာလဲ။ ရဲဘော်လေးတွေ..ငါ့ကိုထွန်းတင်ကြီးဆီပို့စမ်း..။ ဟေး..ထွန်းတင်ကြီး။ ငါရယ်..စိန်ခိုလေကွာ။ ”
ပြောပြောဆိုဆို
ဦးစိန်ခိုသည် ရဲသုံးဘော်နှင့်အတူ ထွန်းတင်ကြီး၏အပါး ရောက်လာသည်။
ထွန်းတင်ကြီးက သူ၏ အစ်ကိုကြီးသဖွယ်လည်းဖြစ်၊ ခေါင်းဆောင်လည်းဖြစ်သော
ဦးစိန်ခိုကိုမြင်ရတော့ ကြိုးစားပြီးပြုံးသည်။ ဤအပြုံးသည် မထင်မရှား
ဝိုးဝါးလှသည့်အပြုံး..။ တန်းမ၀င်သည့် အပြုံး..။ မချိပြုံး..။
“ရဲဘော်လေးတွေ..။
ထွန်းတင်ကြီးကို ထူပေး..။ မတ်မတ်ထိုင်လို့ ရအောင် တစ်ယောက်က
နောက်ဘက်ကနေကျောကုန်းကို ဒူးနဲ့ထောက်ပြီးတွန်းထား..။
ကျန်နှစ်ယောက်ကဘေးတစ်ဘက်စီကနေ ထိန်းထား..”
ဦးစိန်ခိုက လုပ်ငန်း’စ’ပြီ။
“ထွန်းတင်ကြီး..နာတဲ့, အောင့်တဲ့နေရာကိုပြ..”
ထွန်းတင်ကြီးက ညာဘက်လက်ကို အားယူပြီး.၊ ဘယ်ဘက်ရင်ဘတ်က တနေရာကို၊ လက်ညှိုးဖြင့် ထောက်ပြသည်။
“ဟေ့..နောက်ကရဲဘော်လေး..ထွန်းတင်ကြီးရဲ့ခေါင်းကို
ငိုက်မကျစေနဲ့..။ မင့်းညာဘက်လက်က သူ့မေးစေ့အောက်ကနေပြီး`ပင့်´တင်လိုက်….။
ဘယ်ဘက်လက်က သူ့ဘယ်ပါးခုံးကို ထိန်းထား..။ ကျန်ရဲဘော်နှစ်ယောက်ကလည်း
ဘေးဘက်ကနေ ၀ိုင်းထိန်းထား..”ဦးစိန်ခို လိုချင်သည့်ပုံစံ ပီပြင်သွားပြီ။ ချက်ချင်း ခါးတောင်းကျိုက်လိုက်၏..။
ဒူးနှစ်ဘက်ကို သင့်သလောက် ညွှတ်လိုက်သည်။ ညာဘက် လက်ဝါးဖြင့်၊ ညာဘက်ပေါင်ကို သုံးချက် ရိုက်လိုက်သည်။ ဖျန်း..ဖျန်း..ဖျန်း..။ စောစောက, ထွန်းတင်ကြီး လက်ညှိုးဖြင့် ထောက်ပြသည့် နေရာကို.၊ ညာဘက်ခြေဖ၀ါးဖြင့် ဇတ်ခနဲ ဆောင့်ကန်လိုက်သည်။
ထွန်းတင်ကြီးနှင့်
သူ့နောက်ဘက်က ရဲဘော်တို့၊ ပက်လက်လန်သွားတော့၏…..။ သူတို့နှစ်ယောက်သား,
ကပျာကယာ, ဂမူးရှူးဒိုး, လူးလဲ ထထိုင်လိုက်ကြသည်။
စောစောက
သာခွေယိုင်နေသော ထွန်းတင်ကြီး၏ ရိုးတွင်းချဉ်ဆီထဲထိ..၊ အင်တွေအားတွေ
ဘယ်လို ရောက်သွားလေသနည်း။ လူပုံပန်းက လန်းဆန်းလာသည်။ မျက်လုံးတွေက
ပုံမှန်အတိုင်း အရောင်ပြန်တောက်လာသည်။
“ဟိတ်..ထွန်းတင်ကြီး..။ ဘယ်နေရာမှာ နာသေးလဲ၊ အောင့်သေးလဲ..”
“မနာတော့ဘူး..။ မအောင့်တော့ဘူး..။ အားတော့ နည်းနေတယ်ဗျာ..”
“ဟယ်..ဒါက..ထမင်းမှမစားတာကိုးကွ..ဟား..ဟား..ဟား..”
အားလုံး ၀မ်းမြောက်ဝမ်းသာ ရယ်မောကြသည်။
ထိုစဉ်ဦးစိန်ခိုကထွန်းတင်ကြီး အပါအ၀င် သူ့ရဲလေးဘော်အား၊ မှာကြား နှုတ်ဆက်သည်။
“ကိုယ့်အလုပ်ကို၊
ကိုယ့်ဘာသာကိုယ် ဆက်လုပ်ကြ။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက်
ကိုယ့်မှာရှိသမျှ စွမ်းပကားတွေကိုဒါနပြုတယ်လို့ နှလုံးသွင်းပြီး ပေးလှူကြ။
ကိုယ့်အသက်ကိုပင်လျှင် ဇီဝိတဒါနပြုတယ် လို့ နှလုံးသွင်းပြီး ပေးလှူကြ။
ကဲ..ဒါပဲ..”
ဦးစိန်ခိုသည်
လုပ်စရာရှိတာ လုပ်ပေးပြီးပြီ။ မိန့်မှာစရာရှိတာ မိန့်မှာပြီးပြီ။
စီးတော်မြင်းကို ခွကာ ခရီးနှင်လေပြီ။ ထိုစဉ် နေသည်
မိုးကုပ်စက်ဝိုင်းအောက်သို့ ၀င်သွားပြီ..။ နေ’သည်’၀င်း’ရာမှ၊ ’၀င်’ပြီ..။
’သြော်..နေ၀င်း’ မှသည်’နေ၀င်’ပြီ။
ဤသို့ ဦးအလံမလှဲက နောက်ကြောင်းပြန်ဇာတ်လမ်းတပုဒ်ကိုနိဂုံးချုပ်သွားလေပြီ..။
ကျွန်ုပ် ကိုယ်ဖျောက်ဝိဇ္ဇာကမူ-“သေရေး, ရှင်ရေး၊ တိုက်ဘော်, တိုက်ဘက်၊ သေဘော်, သေဘက်၊ ရဲဘော်, ရဲဘက်ဟူသော ဝေါဟာရများ.. “ထိုမှတဖန်‘ရဲဘော်ရဲဘက်စိတ်ထား’ ဟူသော ဆိုစကား..
ဤသည်တို့၏ အဓိပ္ပာယ် နက်ရှိုင်းပုံကို စဉ်းစားတွေးတောနေမိ၏။
သိုဖြင့် ကျွန်ုပ်ကိုယ်ဖျောက်ဝိဇ္ဇာသည်ကား၊ စဉ်းစားတွေးတော အလျင်ကြောတွင်..၊ မျောရင်း..မျောရင်း..မျောရင်း..။ // ပြီးပါပြီ //http://thailongsea.blogspot.com/
27.10.2014








0 comments:
Post a Comment