ပန်းပဲမောင်တင့်တယ်
ရွှေဘိုသားက
တစ်ကိုယ်တည်းလူပျိုကြီး။ အပူမရှာချင်တာလိုလို၊ သများကို
အပူမပေးချင်တာလိုလိုနဲ့ အမှန်က ပြန်ကြိုက်မယ့်သူမရှိတာနဲ့
တစ်ယောက်တည်းဖြစ်သလိုနေနေရတယ်။ မိုးထက်နေတို့လို့ လည်း ရတဲ့သူ ဖမ်းဆွဲထားတာ
မျိုးမလုပ်ချင်ဘူးလို့လည်း တစ်ခါတစ်ခါသူများတွေကို ပြောနေတတ်တယ်။
မာဆိုးကပြောတာကတော့ မိုးထက်နေကလည်း လူအထင်ကြီးအောင်သာ
ကောင်မလေးရှိတယ်ပြောတာ။ တစ်ကယ်မဟုတ်ဘူးလို့ပြောတာပဲ။ ထားပါတော့လေ။ ပြောချင်
တာကအဲဒါမဟုတ်ဘူး။ ရွှေဘိုသား
ကြားခဲ့ရဖူးတဲ့ပုံပြင်လေးတွေအကြောင်းပြောချင်တာ။ ရွှေဘိုသားက
လူပျိုကြီးဆိုတော့ အပျိုကြီးလူပျိုကြီးတွေရဲ့ထုံးစံအတိုင်း ကလေးတွေကိုပဲ
မုန့်ဖိုး ကလေးပေးလိုက်။ မုန့်လေးဝယ်ကျွေးလိုက်နဲ့
ကလေးချစ်တတ်တဲ့သူလိုလိုဘာလိုပုံဖမ်းပြီး ကလေးတွေရဲ့ အဒေါ်တွေ၊ အစ်မတွေကို
သမာဓိပိုးလေး ပိုးနေရတဲ့ဘ၀။
ရွှေဘိုသားက ကုမ္ပဏီဝန်ထမ်း။
တစ်ခါတစ်ခါ စာတိုပေစလေးတွေလည်း ရေးတတ်တယ်။ ရွှေဘိုသားနေတဲ့ ရပ်ကွက်ကလေးကလည်း
လက်လုပ်လက်စားတွေများတော့ အဲဒီလိုရပ်ကွက်ကလေးတွေရဲ့ထုံးစံအတိုင်း
ကလေးဦးရေက တော်တော်လေးများတယ်။ ဒါပေမယ့်ရွှေဘိုသားနဲ့
ပလဲနံပအသင့်ဆုံးကလေးကတော့ စံပေတူး ပဲ။ သူ့နာမည်အရင်းက တော့
မင်းဘုန်းမြတ်ထက်ခေါင် ဆိုလားဘာလားပဲ။ အတိအကျတော့မမှတ်မိတော့ဘူး။
စံပေတူးလို့တစ်ရပ်ကွက်လုံးက နှုတ်ကျိုးနေတော့ နာမည်အရင်းကတော့ ကာယကံရှင်
စံပေတူးကိုယ်တိုင်တောင် သတိရချင်မှရမှာ။ စံပေတူးက ကလေးသာဆိုတယ်
လူကြီးတွေစကားဝိုင်းထဲမှာ ၀င်ဝင်နားထောင်တတ်တာရယ်။
ရွှေဘိုသားလက်ဖက်ရည်ဆိုင်သွားရင် လိုက်လာပြီး
ရွှေဘိုသားတို့ပြောတဲ့စကားတွေနားထောင်တတ်တာရယ်။ ရပ်ကွက်ထဲမှာလည်း
ရွယ်တူတွေကြားမှာ ကလေးဗိုလ်လိုဖြစ်နေတာရယ်။ ပင်ကိုယ်ကလည်း သွက်လက်။
စူးစမ်းချင်တဲ့စိတ်၊ တီထွင်ချင်တဲ့ဓာတ်ခံနဲ့ပေါင်းလိုက်တော့
သူပြောတဲ့စကားလေးတွေက အဆန်းတကြယ်ဖြစ်နေတတ်တယ်။ ကလေးပါးစပ်နဲ့ မဆန့်တဲ့
စကားလုံးကြီးကြီးကျယ်ကျယ် တွေလည်း ထွက်လာတတ်တယ်။ သူနေတဲ့ကျောင်းက ဆရာမကလည်း
ပုံပြင်ပြောဝါသနာပါပုံရပါတယ်။ စံပေတူးတို့ကို
ပုံပြင်တွေအမြဲလိုလိုပြောလေ့ရှိတယ်။ စံပေတူးက စနေ၊ တနင်္ဂနွေကျောင်းပိတ်ရင်
ရွှေဘိုသား ငှားနေတဲ့အိမ်ကလေးကို လာပြီး စပ်စုလေ့ရှိတယ်။ နောက်ပြီး
သူ့ဆရာမပြောလိုက်တဲ့ပုံပြင်တွေကိုလည်း သူ့ကိုယ်ပိုင်ဗားရှင်းပြောင်းပြီး
ရွှေဘိုသားကို ပြန်ပြောပြလေ့ရှိတယ်။
ရွှေဘိုသားတို့ကြားဖူးနေကြ မြန်မာ့ရိုးရာပုံပြင်တွေ၊
နိုင်ငံတကာပုံပြင်တွေကလည်း စံပေတူးပါးစပ်ထဲရောက်ရင် အသစ်အဆန်းအဖြစ်
တစ်မျိုးတစ်ဖုံကြားရလေ့ရှိတော့ ရွှေဘိုသားလည်း စိတ်ဝင်တစားနားထောင်ဖြစ်တယ်။
သူ့ဆရာမ ပြောတုန်းကတော့ အမှန်အကန်တွေဖြစ်မှာပါ။ ဒါပေမယ့်
စံပေတူးပြောင်းထားတဲ့ဗားရှင်းကလည်း တစ်မျိုးတစ်ဖုံစိတ်ဝင်စား
စရာကောင်းနေတော့ ခင်ဗျားတို့ကို ဖောက်သည်ပြန်ချပြချင်တာနဲ့
ဒီစာစုကိုရေးဖို့ဆုံးဖြတ်လိုက်ရတာ။ အဲဒီတော့ ဒီစာစုရဲ့ ပိုင်ရှင်အစစ်အမှန်က
စံပေတူးပေါ့ဗျာ။
အဲဒီနေ့က ရွှေဘိုသားလည်းရုံးပိတ်ရက်မို့
ကျန်းမာရေးအနေနဲ့ ငှားထားတဲ့အိမ်ဘေးကွက်လပ်မှာ ၀ိတ်မ
လေ့ကျင့်ခန်းလုပ်နေတုန်း စံပေတူးရောက်လာပါတယ်။
’’ဦးလေး အဲဒါဘာလုပ်တာတုန်း‘‘
‘‘အော် ကြွက်သားတွေကြီးလာအောင် လေ့ကျင့်ခန်းလုပ်တာလေကွာ‘‘
‘‘ ဟာ… ဦးလေးအဖမ်းခံရမှာ မကြောက်ဘူးလား။‘‘
‘‘ဟ
ငါ့ဟာငါ ၀ိတ်မတာနဲ့ ဘာလို့ဖမ်းရမှာတုန်းကွ။ ၀ိတ်မတဲ့လူတွေဖမ်းတော့မယ်လို့
ရပ်ကွက်ရုံးက လိုက်အော်နေတာ မင်းကြားခဲ့လို့လား စံပေတူးရ။‘‘
‘‘
ရပ်ကွက်ရုံးက ဖမ်းမှာမဟုတ်ဘူး ဦးလေးရ။ ဦးလေးကို သန်းရွှေက ဖမ်းမှာ။ ဦးလေး
ဗလတွေကြီးလာရင် သန်းရွှေက ဦးလေးကို ဖမ်းပြီး မီးရှို့မယ်။ ပြီးရင် ဦးလေး
ညီမကို သူကယူဦးမှာ‘‘
‘‘ အမလေး စံပေတူးရယ်။ မင်းပြောမှ
ငါတောင်ကြောက်လာပြီ။ ရှင်းစမ်းပါဦး ဘာလို့ ငါ့ကိုဖမ်းပြီး ငါ့ညီမကို
သူကယူမှာလဲ။ ငါ့မှာ သူယူစရာ ညီမလည်း မရှိပါဘူးကွာ။ နောက်ပြီး သူလည်း
အသက်ကြီးပါပြီ။ ဒီအရွယ်ကြီးရောက်မှ သားစိတ်မယားစိတ်ရှိမယ်မထင်တော့ပါဘူး။‘‘
‘‘အဲဒါတော့မသိဘူး။
ဆရာမကတော့ပြောဖူးတယ် ရှေးတုန်းကတဲ့။ ရှေးတုန်းကဆိုတာ အခုခေတ်မဟုတ်တာကို
ပြောတာနော်။ ပန်းဆွဲ မောင်တင်းတယ် ဆိုတာကို တော့ အဲဒီခေတ်က သန်းရွှေက
ဖမ်းပြီးမီးရှို့ဖူးတယ်တဲ့ဗျ။‘‘
‘‘အာ… မင်းကတော့လုပ်ရော့မယ်။
ပန်းဆွဲ မောင်တင်းတယ် မဟုတ်ပါဘူးကွ။ ပန်းပဲမောင်တင့်တယ်ပါ။ ပြီးတော့
အဲဒီခေတ်က သန်းရွှေလည်းမရှိပါဘူးကွာ။‘‘
‘‘အဲဒါပြောတာပေါ့
အခုခေတ်လူကြီးများခက်တယ်ဆိုတာ ကလေးတွေကပြောတာကိုလည်း နားမထောင်။
သူတို့ကိုယ်တိုင်လည်း သေသေချာချာမသိဘူး။ ဒီမယ် ဦးလေး မသိရင်သေချာနားထောင်။
ပန်းဆွဲမောင်တင်းတယ်မှ ပန်းဆွဲမောင်တင်းတယ်အစစ်။ အခု
ကျနော်သူ့အကြောင်းပြောလိုက်ရင် ဦးလေးရှင်းသွားမယ်။ ဒါပေမယ့်
ကျနော်ပြောနေတုန်း ဖြတ်မပြောနဲ့။ ဖြတ်မမေးနဲ့။ မရှင်းတာရှိရင်စုထား။
ပြီးမှမေး။ ဟုတ်ပြီလား။‘‘
‘‘ ကောင်းပါပြီမောင်ရယ်။ မင်းဟာက
ဘာမှမပြောရသေးဘူး။ ဟိန်းလိုက် ဟောက်လိုက်တာကလည်း လွန်ရော။ မင်းတော့
ကြီးလာရင် ပတ်စပို့ရုံးမှာအလုပ်ရလိမ့်မယ်ထင်တယ်။‘‘
‘‘ဒီလိုဦးလေးရဲ့။
ကျနော်တို့မြန်မာတွေက ဇာတ်လမ်းစစချင်းတုန်းက ရေတကောင်းလုပ်ရောင်းကြသတဲ့။
ဒါပေမယ့် တခြားဇာတ်လမ်းထဲမှာကြတော့
ကျောက်ဒယ်အိုးတွေလုပ်ပြီးရောင်းစားကြတာတဲ့။ ဒါပေမယ့် ဘယ် ဇာတ်လမ်းက
အရင်မစပြသလဲဆိုတာကို ဦးလေးတို့ လူကြီးတွေက အလုပ်မရှိအလုပ်ရှာပြီး
ငြင်းနေကြတုန်းတဲ့။ သေချာတာကတော့ ဘယ်သူမှ ဇတ်လမ်းအစကို
မကြည့်ဘူးဖူးဖြစ်မယ်။ ဒါကြောင့်မို့ ကိုယ်ထင်ရာငြင်းနေကြတာ သေချာတယ်။‘‘
‘‘
ဟေ့ ဟေ့ စံပေတူး။ မြန်မာအစ ကျောက်ဆည်က ဆိုတာနဲ့ မြန်မာအစ တကောင်းက
ဆိုတာကို ဘယ်ဟာအမှန်လဲဆိုတာ ပညာရှင်တွေဆွေးနွေးနေကြတာပါကွာ။ မင်းပြောသလို
ရေတကောင်းလုပ်တာနဲ့ ကျောက်ဒယ်အိုးလုပ်တာ ငြင်းကြတာမဟုတ်ပါဘူးဟ။‘‘
‘‘တော်ပြီဗျာ။
ဦးလေးမသိဘဲ အဲဒီလို ထင်ရာတွေဝင်ပြောမယ်ဆိုရင် ကျနော်ဆက်မပြောတော့ဘူး။
အခုဟာက ဦးလေးကို ဗဟုသုတလည်းရ၊ နားလည်းလည်အောင် အစကနေပြောပြနေတာ။
စေတနာပျက်အောင်မလုပ်နဲ့။‘‘
‘‘ဟုတ်ပါပြီ စံပေတူးရယ်။ စံပေတူးရဲ့သဘောထားအမှန်ကို နားလည်သဘောပေါက်ပါပြီ။ ဆက်လက် ပြောပြပေးတော်မူပါ။‘‘
‘‘
အဲလိုလိမ်မာစမ်းပါ ဦးလေးရာ။ လူငယ်တွေနဲ့ပေါင်းတာ ဦးလေး ဗဟုသုတ
တိုးပါတယ်။ အခုဖြစ်တာက အဲဒီရေတကောင်းလုပ်တဲ့ ဇာတ်လမ်းထဲမှာဖြစ်တာဗျ။
အဲဒီရေတကောင်းလုပ်တဲ့တိုင်းပြည်မှာ ပန်းဆွဲမောင်တင်းတယ် ဆိုတာရှိသတဲ့။ သူက
ပန်းဆွဲသရက်ကို အရမ်းကြိုက်လို့ သူ့နာမည်ရှေ့မှာ
အဲဒီသရက်သီးနာမည်ထဲ့ထားသတဲ့။ သူက ကာယဗလ အားကြီးလိုက်စားတယ်တဲ့ ဦးလေးရ။ သူက
ဝိတ်မလိုက် သူဗလကြီးကို ကြည့်လိုက်နဲ့အမြဲကျေနပ် နေတတ်တယ်တဲ့။ အထူးသဖြင့်
သူ့အိမ်ရှေ့က ဖြတ်သွားတဲ့လူတွေကို အဲဒီဗလကြီးပြပြီး ကျုပ်ဗလက
ကြီးတယ်မဟုတ်လား။ တင်းတယ်မဟုတ်လားနဲ့မေးတတ်လို့ သူ့နာမည်ကို
မောင်တင်းတယ်လို့ခေါ်တာ။ ဒါကြောင့် ပန်းဆွဲ မောင်တင်းတယ်။ ဦးလေးပြောတဲ့
ပန်းပဲမောင်တင့်တယ်မဟုတ်ဘူး။ ရှင်းပြီးလား။ ဒါနဲ့ ဦးလေးလည်း
ဂွေးသီးကြိုက်တယ်မဟုတ်လား။ ဂွေးသီးရွှေဘိုသားလို့ပြောင်းလိုက်ပါလား။
ရပ်ကွက်ထဲကျနော်လိုက်ပြောပေးမယ်လေ။ ဦးလေးနာမည်အသစ်ကို‘‘
‘‘ဟေ့ ဟေ့
ဆရာသမားလေး။ ပုံပြင်ပြောမှာသာပြောပါ။ ကျုပ်နာမည်တော့ မပြောင်းပါရစေနဲ့။
ကျုပ်ဟာကျုပ် ဂွေးသီးမကလို့ ဘာသီးပဲကြိုက်ကြိုက်။ လုပ်ပါ
ပြောမှာသာဆက်ပြောပါ။‘‘
‘‘အင်းပါ။ ဒါနဲ့ဘယ်နားရောက်သွားလဲ။ အော်…
သိပြီ။ အဲဒီမောင်တင်းတယ်က ဗလဘယ်လောက်ကြီးသလဲဆိုရင်
ဆင်ကြီးတစ်ကောင်လုံးကိုတောင် ထမ်းထားနိုင်သတဲ့။ အဲဒီအကြောင်းကို အဲဒီခေတ်က
သန်းရွှေကကြားတော့။ သြော် ပြောရဦးမယ်။ အဲဒီခေတ်က သန်းရွှေနဲ့ အခုခေတ်
သန်းရွှေမတူဘူးတဲ့ဦးလေးရ။ အဲဒီခေတ်က သန်းရွှေကို လူတွေက
ဘုရင်ကြီးလို့ခေါ်တယ်တဲ့။ အခုခေတ်လို အာဏာရူးကြီးလို့မခေါ်ဘူးတဲ့။ ဒါက
ဦးလေးသိအောင်ပြောပြတာပါ။ ပုံပြင်နဲ့မဆိုင်ဘူး။ ဒါနဲ့ဘယ်နားရောက်သွားလဲ။
အော်… သိပြီ။ အဲဒီခေတ်က သန်းရွှေက သိတော့ ဟာ ဒီကောင် ဒီလောက် ဗလကြီး
ကြီးနေတာတော်ကြာနေ ငါ့ကိုဆန္ဒပြပြီးမေတ္တာပို့နေလိမ့်မယ်။
ဖမ်းပြီးထောင်ထဲထည့်ထားတာ ငါ့အာဏာအတွက် စိတ်ချရတယ်ဆိုပြီး။ ထောက်လှမ်းရေး
အဲ… ဟုတ်ဖူး မှားလို့။ စအဖရယ်၊ ကြံ့ဖွတ်ရယ်၊ စွမ်းအားရှင်ရယ်၊
ရပ်ကွက်လူကြီးရယ် ကို သွားဖမ်းခိုင်းသတဲ့။ ဒါပေမယ့် ဘာရမလဲ မောင်တင်းတယ်ကို
ပြည်သူလူထုက သတင်းပေးထားတော့ မောင်တင်းတယ် မဲဆောက်ကို
အရောက်ပြေးတာပေါ့ဗျာ။ မမိလိုက်ဖူးတဲ့။‘‘
‘‘ဟာ မင်းကတော့လုပ်ပြီ။ တောထဲပြေးရတာပါကွာ။ ဘယ်က မဲဆောက်ပါလာတာတုန်း။‘‘
‘‘ဦးလေးကို
ကျနော်ပြောထားတယ်။ ဖြတ်ဖြတ်မပြောပါနဲ့ဆို။ အဲဒါက ထုံးစံဦးလေးရဲ့ ထုံးစံ။
အခုမှမဟုတ်ဘူး။ ဟိုးရှေးရှေးတုန်းကတည်းက အစိုးရလိုက်ဖမ်းရင် မဲဆောက်ကို
ပြေးရတယ်။ ဒါမှ မြန်မာပြည်နဲ့လည်း မဝေး။ စစ်တပ်ကလာဖမ်းလို့လည်းမရ။
အဲလိုဖြစ်မှာပေါ့။ ဦးလေးကတော်တော်ပိန်းတာပဲဗျာ။ ကျနော်ဆက်ပြောရမှာလား။
ပြန်ရမှာလား။‘‘
‘‘ဆက်ပြောပါဆရာသမားလေးရယ်။ ကျနော်မျိုး
ဖြတ်ပြီးမပြောတော့ပါဘူး။ လူထုဆန္ဒခံယူပွဲလို့ သဘောထားပြီး
ခင်ဗျားလေးပြောတာကို ငုတ်တုတ်နားထောင်ပေးပါပါ့မယ်။ ပြီးရင် သာအချက်ပြလိုက်။
လက်ခုပ်တီးပေးမယ်။ ဟုတ်ပြီလား။‘‘
‘‘ ဒီလို လိမ်မာမှပေါ့ဦးလေးရာ။
အဲဒါနဲ့ အဲဒီခေတ်က သန်းရွှေကြီးက အခုခေတ်သန်းရွှေကြီးလုပ်သလို
ကျန်ခဲ့တဲ့မိသားစုကို ထောင်ချတာမျိုး လုပ်မယ်ဆိုပြီး သွားကြည့်တော့
မောင်တင်းတယ်ရဲ့ ညီမလေးကို တွေ့သွားတယ်တဲ့။ အဲဒါနဲ့ ဒီလိုအချောအလှလေးကို
ထောင်ထဲထည့်ထားမယ့်အစား မိဖုရားလုပ်တာပိုကောင်းတယ်ဆိုပြီး မိဖုရား
လုပ်လိုက်သတဲ့။ အဲဒီနေရာမှာ အခုခေတ်သန်းရွှေကြီးထက်သာသွားတယ်နော် ဦးလေး။‘‘
‘‘အဲဒါတော့ ကျနော်မျိုးလည်း မပြောတတ်ဘူး။ သန်းရွှေထက်တော့ ပိုမိုက်တဲ့လူမရှိလောက်ဖူးထင်တာပဲ။ ကဲပါ ဆက်မှာသာဆက်စမ်းပါ။‘‘
‘‘ဒါနဲ့ဘယ်နားရောက်သွားလဲ။
အော်… သိပြီ။ မောင်းတင်းတယ်ရဲ့ညီမကို မိဖုရားသာလုပ်ထားတာ ဘုရင်ကြီးက
စိတ်မဖြောင့်ဖူးတဲ့။
ဘယ်အချိန်မောင်တင်းတယ်ပေါ်လာမလဲဆိုတာကိုကြောက်နေတုန်းတဲ့။ သူ့ကိုသတ်ပြီး
ဘုရင်လုပ်မှာကို စိုးရိမ်တော့ သူက အဲဒီခေတ်က ပြန်ကြားရေးဝန်ကြီး
ကျော်ဆန်းကို ခေါ်ပြီး သတင်းစာရှင်းလင်းပွဲလုပ်ခိုင်းသတဲ့။ အဲဒါနဲ့
အဲဒီခေတ်က ပြန်ကြားရေးဝန်ကြီးက အဲဒီခေတ်က
အယ်ဒီတာမြတ်ခိုင်နဲ့ဇာတ်တိုက်ပြီး သတင်းစာရှင်းလင်းပွဲလုပ်လိုက်တာ
ဘယ်ကနေဘယ်လိုဖြစ်ပြီး မောင်တင်းတယ်ကို
ဝန်ကြီးရာထူးပေးမယ်လို့ဖြစ်သွားမှန်းမသိဘူးတဲ့။ ရောက်တတ်ရာရာ မေးလိုက်
ဖြေလိုက်လုပ်ရင်း မောင်တင်းတယ်ကို ၀န်ကြီးရာထူးပေးမယ်လို့
ပြောရက်သားဖြစ်သွားသတဲ့။ မောင်တင်းတယ်လဲ
ဝန်ကြီးရာထူးရမယ်ဆိုတဲ့အသံလည်းကြားရော မဲဆောက်ကနေ ချက်ချင်းပဲ
ရေတကောင်းလုပ်တဲ့တိုင်းပြည်ကို ပြန်ပြေးလာသတဲ့။ လမ်းမှာ ခလုတ်တောင်
သုံးခါတိုက်သေးတယ်ဆိုပဲ ဦးလေးရဲ့။
ဒါပေမယ့် ဘုရင်ကြီးက
စအဖကို ဒီလိုမှာထားတယ်တဲ့။ မောင်တင့်တယ်လာရင်
ဝန်ကြီးရာထူးပေးအပ်ပွဲဆိုပြီး အယုံသွင်း။ သစ်ပင်မှာ
ကြိုးနဲ့တုပ်ပြီးမီးရှို့သတ်လိုက်တဲ့။ စအဖက လူလည်ပဲဦးလေးရ။ မောင်တင်းတယ်က
ဗလကြီးတော့ လူနည်းနည်းနဲ့မရဘူးဆိုပြီး ရပ်ကွက်ထဲက အလုပ်လက်မဲ့
လူမိုက်တွေကို ခေါ်ပြီး တစ်ရက် ၁၀၀၀
စားရိတ်ငြိမ်းနဲ့ဝိုင်းဖမ်းခိုင်းလိုက်တာ။ မောင်တင်းတယ်ကို မိပါလေရော။
မိတာနဲ့ ဘုရင်ကြီးခိုင်းတဲ့အတိုင်း သစ်ပင်မှာကြိုးနဲ့တုပ်
ပြီးမီးရှို့သတ်လိုက်တယ်တဲ့။ အဲဒီအကြောင်းကို မောင်တင်းတယ်ညီမ
မိဖုရားကြီးလည်းသိရော သူတစ်ယောက်လုံး မိဖုရားကြီးဖြစ်ရက်သားနဲ့
သူ့အကိုသေရတယ်ဆိုပြီး မီးပုံထဲဝင်ခုန်ချလိုက်တာ ဘုရင်ကြီးလှမ်းဆွဲတာ
လက်ထဲမှာ ကလစ်ကလေးပဲ ကျန်ခဲ့တယ်ဆိုပဲဦးလေးရဲ့။‘‘
‘‘အဲဒါနဲ့ ပြီးရော….။‘‘
မှတ်ချက်။ ။ ဆရာကြီး ဇ၀နရေးသားခဲ့သော
အပါပုံပြောမယ်။ ဆရာသစ္စာနီ၏ မူယာပုံပြောမယ် တို့ကို
ကြိုက်နှစ်သက်မိပါသဖြင့်။ စံပေတူးပြောသောပုံပြင်များကို ရေးသားလိုက်ရပါတယ်။
မိတ်ဆွေတို့ရဲ့ဝေဖန်ချက်ကလေးတွေကို ကွန့်မန့်မှာရေးသားထားခဲ့စေလိုပါတယ်။
ဆက်လက်တင်ဆက်ဖို့လည်း အစီအစဉ်ရှိပါတယ်။ ကျေးဇူးတင်ပါတယ်တဲ့။








0 comments:
Post a Comment