Tuesday, 28 October 2014

ဖေ့ဘွတ်ကြောင့် လူသိများခဲ့သည့် လက်ထောက်ကျောင်းအုပ်ကို လူမှုထူးချွန်ဆရာဆု ပေးမည်

ဖေ့ဘွတ် အင်တာနက်စာမျက်နှာမှာတော့ တာဝန်ထမ်းဆောင်မှုအပြီး တပည့်တွေနဲ့ ခွဲခွာရတဲ့အတွက် ဖြေမဆည်နိုင်ဖြစ်နေတဲ့ ဓာတ်ပုံတွေကြောင့် လူသိများခဲ့တဲ့ ချောင်းဦးမြို့နယ် ဆူးလေကုန်းကျေးရွာမှာ ၈ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ လက်ထောက်ကျောင်းအုပ် ဆရာဦးသန်းလှိုင်ကို လာမယ့် အောက်တိုဘာ ၅ ရက်နေ့ နေပြည်တော် အမ်စီစီခန်းမမှာ ကျင်းပမယ့် ကမ္ဘာ့ဆရာများနေ့အခမ်းအနားမှာ လူမှုထူးချွန်ဆရာဆု ပေးအပ်သွားမယ်လို့ သိရပါတယ်။
လူမှုထူးချွန်ဆရာဆုကို တနိုင်ငံလုံးကနေ ၂ ဦးသာ ချီးမြင့်ခြင်း ဖြစ်ပြီး ဆရာဦးသန်းလှိုင် လည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့က ဆရာဦးသန်းလှိုင်ရဲ့ ဂုဏ်ပြုနုတ်ဆက်ပွဲကို ကျင်းပခဲ့ပြီး ခွဲခွာခါနီး ဆရာနဲ့ တပည့်တွေ ဖြေမဆည်နိုင်ဖြစ်နေတဲ့ပုံတွေကို ဒေသခံ ဦးအောင်ဇော်မြင့်က လူမှုကွန်ရက် ဖေ့ဘွတ်အင်တာနက်စာမျက်နှာပေါ် တင်ခဲ့ပြီး အဲဒီပုံတွေကို ပြည်သူ့လွှတ်တော်အမတ် ဦးစောလှထွန်းနဲ့ နိုင်ငံတော်သမ္မတရုံး ညွှန်မှူး မှူးဇော်တို့က ပြန်လည် ရှယ်ခဲ့ရာကနေတဆင့် နိုင်ငံတော်က သိရှိခဲ့ပြီး အခုလို လူမူထူးချွန်ဆရာဆု ပေးအပ်မှာ ဖြစ်ပါတယ်။

By ဒီဗွီဘီ

3 October 2014 14:24(+0630) (25 ရက် ခန့်က)

အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်သော ဆန္ဒထုတ်ဖော်မှုများ တစ်ဆင့်တိုး လုပ်ဆောင်သွားမည်ဟု ဗကသဥက္ကဋ္ဌ ပြော

ရန်ကုန်၊ အောက်တိုဘာ ၆

အမျိုးသား ပညာရေး ဥပဒေအား နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး ကာ ပြည်ထောင်စု လွှတ်တော်၌ အတည်ပြု ပြဋ္ဌာန်းခဲ့သောကြောင့် ကန့်ကွက်သော ဆန္ဒထုတ်ဖော်ပွဲများအား တစ်ဆင့်တိုး လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်း သား သမဂ္ဂများ အဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုကျော်ကိုကို က အောက်တိုဘာလ ၆ ရက်နေ့ တွင် မြန်မာသံတော် ဆင့်သို့ ပြောသည်။

အဆိုပါ ဥပဒေအား အတည်ပြု ပြဋ္ဌာန်းခဲ့သောကြောင့် ဆန့်ကျင် ကန့်ကွက်သော ဆန္ဒထုတ်ဖော်ပွဲများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ စာတမ်းပြုစု ရေးသားမှုများ စနစ်တကျ ပြုလုပ်ကာ ရေရှည် တိုက်ပွဲဝင် သွားမည်ဖြစ်သောကြောင့် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

““တောင်းဆို တိုက်ပွဲဝင်ဖို့ပဲ၊ ဖိအားပေး တောင်းဆိုဖို့ပဲ ပြောမယ်ဆိုရင် လူထုလှုပ်ရှားမှု အသွင်ပုံစံ၊ ကျောင်းသားထု လှုပ်ရှားမှုအသွင် ပုံစံ ဖြစ်အောင်အထိ ဆောင်ရွက်ချင်တဲ့ ဆန္ဒရှိတယ်။ သေချာညှိနှိုင်း တိုင်ပင်ပြီးမှ စဉ်းစားရလိမ့်မယ်။ ၀ရုန်းသုန်းကား လုပ်လို့တော့ မဖြစ်ဘူး”” ဟု ကိုကျော်ကိုကိုက မြန်မာသံတော်ဆင့် သို့ ပြောသည်။

အမျိုးသားပညာရေး ဥပဒေအား ဒီမိုကရေစီ စံနှုန်းနှင့် မညီညွတ်ဟုဆိုကာ အရပ်ဘက် လူ့အဖွဲ့အစည်း အသီးသီးနှင့် ပညာရေး အသိုင်းအ၀ိုင်းများက ၀ိုင်းဝန်း ကန့်ကွက်ခဲ့သော်လည်း ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြု ပြဋ္ဌာန်းကာ နိုင်ငံတော်သမ္မတထံ ပေးပို့ခဲ့ပြီး စက်တင်ဘာ ၃၀ ရက်တွင် သမ္မတက လက်မှတ်ရေးထိုး အတည်ပြုခဲ့ခြင်း ဖြစ်သည်။

““စာမေးပွဲလည်းပြီးရော နောက်ရက်ဥပဒေကို အတည်ပြုလိုက်တယ် ဆိုတာ မရိုးဖြောင့်ဘူး။ ဥပဒေပြုတဲ့ ရက်တိုင်းကို သုံးသပ်ကြည့်တာမှာ စာမေးပွဲပြီးတဲ့ ရက်တွေမှာ အတည်ပြုတာ များတယ်။ ဒီမိုကရေစီ စံနှုန်းကို ချစ်မြတ်နိုးတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ရောက်ဖို့လိုလာပြီ။ ဒီ ဥပဒေကို ပြဋ္ဌာန်း လိုက်တာက ကျွန်တော်တို့ လိုလားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ မရောက်သေးဘူးလို့ ပြောတဲ့ အဓိပ္ပာယ်ပဲ””ဟု ဒဂုံတက္ကသိုလ် ဆရာ ဆရာမများ သမဂ္ဂဥက္ကဋ္ဌ ဒေါက်တာ အာကာမိုးသူက ပြော သည်။

အဆိုပါ အမျိုးသားပညာရေး ဥပဒေတွင် အခန်း ၁၄ ခန်း ပါဝင်ပြီး တက္ကသိုလ် ကျောင်းသားများ ကန့်ကွက် သော ကျောင်းများတွင် ဘာသာရေးနှင့် နိုင်ငံရေးဆိုင်ရာ စွက်ဖက်မှုများမှ ကင်းလွတ်စေရေးတို့ ပါဝင်ကာ အမျိုးသား ပညာရေး ကော်မရှင်ကို ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက်ဖြင့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ် တစ်ဦးဦးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ပညာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ၀န်ကြီးဌာနများမှ ပြည်ထောင်စု ၀န်ကြီးများ၊ တိုင်းရင်းသား ပညာရှင်များနှင့် အခြားသင့်လျော်သော ပုဂ္ဂိုလ်များက အဖွဲ့ဝင်များအဖြစ် ပါဝင်ရမည်ဟု ပြဋ္ဌာန်းထားသည်။

ဝိုင်းမော်

မလေးရှား ဒုက္ခသည်စာသင်ကျောင်း

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (ယူအန်အိပ်ခ်ျစီအာ) ရဲ့ ရဲ့အဆိုအရ မလေးရှားနိုင်ငံမှာ ပြည်တွင်းဒုက္ခသည်တွေရော နိုင်ငံရေးခိုလုံခွင့်တောင်းသူ အပါအ၀င် ဒုက္ခသည်(2)သိန်းလောက် နေထိုင်နေတယ်လို့ဆိုပါတယ်။
Malaysia_Refugee_School_web_131221_672ဒီထဲမှာ ဆာဘားဒေသက မွတ်စလင်တွေကနေ ကွာလာလမ်ပူမြို့က ဆိုမာလီဒုက္ခသည်တွေထိ လူမျိုးပေါင်းစုံပါဝင်ပါတယ်။ ဒုက္ခ သည်စခန်းက ကလေးတွေဟာ အစိုးရစာသင်ကျောင်းတွေကို တက်ခွင့်မရပါဘူး။ ခုဆိုရင် ဒုက္ခသည် စာသင်ကျောင်းဖွင့်လှစ်ပြီး လူအပ်ပညာရပ်တွေကို သင်ကြားပေးနေပါပြီ။
ဒုက္ခသည်စာသင်ကျောင်းက ကျောင်းသားတွေကို တနေ့ ၅ နာရီနှုန်းနဲ့ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံနဲ့ အခြား ဘာသာရပ်တွေဖြစ်တဲ့ အနုပညာ၊ ကွန်ပျူတာ၊ ကဇာတ်နဲ့ သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် နေထိုင်းနည်း စတာတွေကို သင်ကြားပေးပါတယ်။
ဒီကျောင်းကို မစ္စ မလေးရှားမယ်ဟောင်း ဒက်ဘရာ ဟင်နရီရဲ့  အကူအညီနဲ့ တည်ထောင်ခဲ့တာဖြစ်ပါတယ်။
ဒက်ဘရာ ဟင်နရီက “၂၀၀၇ ခုနှစ် မစ္စ မလေးရှားဆုကို ကျမ ရပြီးတဲ့အချိန်မှာ မလေးရှားမှာ အန်ဂျီအိုတွေ လုပ်နေတဲ့အလုပ်တွေ လုပ်ဖို့ ရှာရင်းနဲ့ UNHCR နဲ့ အဆက်အသွယ်ရခဲ့ပါတယ်။ နောက်ကျတော့ သူတို့ကျမကို လှမ်းဆက်သွယ်ပြီး ဒုက္ခသည်တွေနဲ့ပတ်သက်လို့ မှတ်တမ်းယူပေးနိုင်မလားလို့ ကမ်းလှမ်းခဲ့ပါတယ်။ ကျမတို့သွားတွေ့ဖူးတဲ့ မိသာစုတွေထဲက တစုကတော့ ဆိုမာလီမိသားစုပါ။ ဒီကတိုက်ခန်းတခုမှာ နေပါတယ်။ ကျမက သူတို့ ကလေး ၄ ယောက်မှာ ဘာမှလည်းမသိ၊ ကျောင်းလည်းမနေရ၊ ဘာပညာမှလည်းမရှိ၊ လုံးလုံးအမှောင်ကျနေတာကို မြင်ခဲ့ရပါတယ်။ ဒီတော့ ကျမမှာ မျက်ကွယ်မပြုနိုင်ဘဲ တခုခုလုပ်ပေးရမယ်ဆိုတဲ့ အတွေးရသွားပါတယ်။”
ဒီလိုနဲ့ ဟင်နရီဟာ ဆိုမာလီဆရာလည်းဖြစ်၊ လူထုခေါင်းဆောင်လည်းဖြစ်တဲ့ ရှာဖီရှာရစ်မိုဟာမတ်နဲ့ မဟာမိတ်ဖွဲ့လိုက်ပါတယ်။
“ဆိုမာလီမှာစစ်ဖြစ်နေလို့ မလေးရှားကို ကျနော်ရောက်လာတာပါ။ ဒီရောက်တော့ ဆိုမာလီမှာ စစ်ဖြစ်နေတဲ့အတွက် ကျနော့်အနေနဲ့ အကာအကွယ်ယူဖို့လိုပါတယ်။ သူတို့မှာက ပညာသင်စရာနေရာမရှိဘူး။ ဒါနဲ့ ကျနော့်မှာ ငွေနည်းနည်းရှိလေတော့ ဒီကလေးတွေရဲ့ပညာရေးအတွက် သုံးရင်ကောင်းမယ်ဆိုပြီး တွေးမိသွားတာပါ” လို့ ရှာဖီက ပြောပါတယ်။
ဆိုမာလီက ပုဂ္ဂလိကပညာသင်ကျောင်းမှာလည်း ကျောင်းဆရာလုပ်ခဲ့ဖူးတယ်လို့ ရှာဖီရှာရစ်မိုဟာမတ်က ပြောပါတယ်။
“ဆိုမာလီမှာတုန်းကတော့ အရပ်ဘက်အဖွဲ့အစည်းတွေအတွက် တက်တက်ကြွကြွ လုပ်ပေးခဲ့ဖူးပါတယ်။ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနဲ့ လိင်အကြမ်းဖက်မှု စတဲ့အကြောင်းတွေကို စာတမ်းဖက်ပွဲတွေ လုပ်ခဲ့ဖူးပါတယ်။ ဒီတော့ ကျနော့်နိုင်ငံမှာ တက်ကြွလှုပ်ရှားသူအနေနဲ့ အလုပ်လုပ်ခဲ့ဖူးတယ်။ စာသင်ခဲ့ဖူးတယ်။ ဒါကြောင့် ဒီရောက်လာတော့ ကျနော်က လူမျိုးစုခေါင်းဆောင်အနေနဲ့ရော၊ ဆရာအနေနဲ့ပါ နေရာရလာတာပါ။”
သီးသန့်အလှူရှင်တွေ၊ စုပေါင်းအလှူရှင်တွေနဲ့ ရန်ပုံငွေရှာဖွေရေးအဖွဲ့တွေရဲ့ မတည်မှုနဲ့ ဒုက္ခသည်ကျောင်းလေးဟာ ကျောင်းသူ/သားတွေကို စာအုပ်တွေ၊ အချိန်ပြည့်ဝန်ထမ်းတွေ၊ ဆရာ/မတွေနဲ့ ဖြည့်ဆည်းပေးနိုင်ခဲ့ပါပြီ။ ခုဆိုရင် ဒီကျောင်းလေးက ဒုက္ခသည်ကျောင်းသူကျောင်းသားတွေကို မလေးရှား လူ့အဖွဲ့အစည်း ရဲ့ တစိတ်တပိုင်းဖြစ်လာအောင် ကြိုးစားကူညီပေးနေပြီ ဖြစ်ပါတယ်။
ဒက်ဘရာ ဟင်နရီက “မလေးရှားလူမျိုးတယောက်အနေနဲ့၊ မစ်မလေးရှားမယ်ဟောင်းတယောက်အနေနဲ့ပါ သူတို့ကို ကျမက ဒီမှာနေရတဲ့အချိန်လေးကို သတိတရရှိနေစေချင်ပါတယ်။ သူတို့ကို စောင့်ရှောက်တဲ့ မလေးလူမျိုးတွေ ရှိခဲ့ပါလားဆိုတာ သိစေချင်ပါတယ်။ သူတို့ကို ကျမတို့က နိုင်ငံခြားသားတွေ၊ တရားမ၀င်အခြေချသူတွေ၊ တဖက်သားအပေါ်မှီခိုနေရတဲ့ ဒုက္ခသည်တွေအဖြစ် မမြင်ခဲ့ပါဘူး။ သူတို့က ဒီနိုင်ငံစီးပွားရေးအတွက်ရော လူ့အသိုင်းအ၀ိုင်းအတွက်ပါ တတပ်တအားပါပဲ။ ဒီမှာ သင်ယူစရာတွေရှိတယ်။ အတွေ့အကြုံကောင်း တွေရှိတယ်။ ဖလှယ်စရာတွေရှိတယ်။”
မိုဟာမတ်အဒူလာဟာ ဒီကျောင်းမှာတက်ရောက်တဲ့ ကျောင်းသား ၁၀၀ ထဲက တယောက်ပါ။ ဆိုမာလီ ကနေ စစ်ပြေးပြီး ၂၀၀၈ နိုဝင်ဘာလမှာ မလေးရှားကို ရောက်လာသူပါ။
“ကျနော် မလေးရှားတက္ကသိုလ်တက်ချင်ပါတယ်။ ကျနော့်ကလေးနဲ့ ဇနီးကိုခေါ်ပြီး ဒီမှာပဲ ဘ၀သစ် စချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေရာ၊ ဒီဒေသအစားအစာ၊ ဒီနိုင်ငံသား ဒီဘာသာစကားနဲ့ အသားကျနေလို့ပါ။ ဒီက လောကသဘာဝတွေ၊ လူသဘာဝတွေအားလုံးကို ကျနော်သိနေလို့ပါ။ ဒီနိုင်ငံက သိပ်ကိုအေးချမ်းတဲ့ မွတ်စလင်နိုင်ငံတခုပါ။ စွဲမက်ဖို့ကောင်းပြီး သိပ်လှပါတယ်” လို့ မိုဟာမတ်အဒူလာက ဆိုပါတယ်။
ဒက်ဘရာဟင်နရီကတော့ ဒီကျောင်းလေးပေါ်ထားတဲ့ မျှော်လင့်ချက်က မြင့်မားပါတယ်။
“ကျမတို့က သူတို့ကို မလေးရှားနိုင်ငံမှာ၊ ဆိုမာလီမှာ၊ ရှင်သန်ဖို့အတွက်တင် မဟုတ်ဘဲ ကမ္ဘာကိုခြေဆန့်နိုင်အောင်ပါ ပြင်ဆင်ပေးမှာပါ။ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားတတ်တဲ့ ယုံကြည်မှုရှိတဲ့ သူတွေအဖြစ် လွတ်လွတ်လပ်လပ် ရပ်တည်နိုင်အောင် ပြင်ဆင်ပေးမှာပါ။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ဘယ်ဒေသမှာပဲနေနေ ခံနိုင်ရည်အပြည့်နဲ့ ရှင်သန်နိုင်အောင်လို့ပါ။”
သင်္ချာဘာသရပ်တွေကနေ လူထုကြားမှာ စကာပြောစွမ်းရည်မြှင့်တင်တဲ့အစီအစဉ်တွေ သရုပ်ဆောင်တာတွေထိ ကျောင်းသားတွေကို ဒုက္ခသည်ကျောင်းလေးက  ပညာရေးကိုပေးအပ်နေပါပြီ။ ဒီကျောင်းလေး သာမရှိရင် ဒီကကလေးတွေအဖို့ ပညာသင်စရာနေရာမရှိတော့ပါဘူး။

ဖမ်းဆီးခံ လူငယ် ၂ ဦး၏ မိဘများ ထိုင်းတရားရုံးချုပ်ကို ကန့်ကွက်လွှာ ပေးပို့

ခိုတောင်ကျွန်း (လိပ်ကျွန်း) လူသတ်မှုနဲ့ စွပ်စွဲ ဖမ်းဆီးခံ ထားရတဲ့ မြန်မာ လူငယ် ၂ ဦးရဲ့ မိဘတွေဟာ ထိုင်းနိုင်ငံ တရားရုံးချုပ်ကို ကန့်ကွက်လွှာ သွားရောက် ပို့ဆောင်ခဲ့ပါတယ်။

မိဘ အုပ်ထိန်းသူ တွေဟာ သံရုံးက ဖွဲ့စည်းထားတဲ့ အထူးစုံစမ်းရေး အဖွဲ့နဲ့ ထိုင်းရှေ့နေများ ကောင်စီမှ ကိုယ်စားလှယ်တွေနဲ့ အတူ ဘန်ကောက်မြို့ရှိ၊ ထိုင်းနိုင်ငံ တရားရုံးချုပ်ကို ကန့်ကွက်လွှာ ပေးပို့ခဲ့တာပါ။

ကန့်ကွက်လွာကို ထိုင်းနိုင်ငံ၊ လူ့အခွင့်အရေး ကော်မရှင်နဲ့ ထိုင်းနိုင်ငံ မှုခင်းဆရာဝန် တွေကိုလည်း ပေးပို့သွားမယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၅ ရက်နေ့က ခိုတောင်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာလူငယ် ကိုဇော်လင်း နဲ့ ကိုဝင်းဇော်ထွန်းတို့ နှစ်ဦး စွပ်စွဲဖမ်းဆီး ခံနေရတာပါ။

 By ဒီဗွီဘီ

ရှားပါး ပန်ဒါဝက်ဝံ အနီမျိုး မြန်မာနိုင်ငံမှာ တွေ့ရှိ



  • ပန်ဒါ ဝက်ဝံတွေကို နိုင်ငံတကာက ချစ်ခင်ပြီး၊ စိတ်ဝင်စားနေကြရာမှာ၊ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ ရှားပါး ပန်ဒါ ဝက်ဝံ အနီတွေကို တွေ့ရှိခဲ့ကြောင်း သိပ္ပံပညာရှင်တွေက ပြောပါတယ်။

FFI ခေါ် နိုင်ငံတကာ အပင်နဲ့သတ္တ၀ါများအဖွဲ့က ကချင်ပြည်နယ် အရှေ့မြောက်ဖျား အင်မော်ဘွန် တောင်တန်းဒေသက တောအုပ်ထဲမှာ ပန်ဒါ ဝက်ဝံအနီ ၂ ကောင်ကို တွေ့ရှိခဲ့တာပါ။

FFI အဖွဲ့ရဲ့ ဇီဝဗေဒ ပညာရှင် ဦးစောစိုးအောင်က အဲ့ဒီ ပန်ဒါ ဝက်ဝံ အနီ နှစ်ကောင်တွေ့ရှိခဲ့ပြီး၊ ဗီဒီယိုမှတ်တမ်း ရိုက်ကူးခဲ့ပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ ရှားပါး ပန်ဒါ ဝက်ဝံ အနီတွေရှိနေကြောင်း ပထမဆုံး သက်သေခံ ဗီဒီယိုမှတ်တမ်း ဖြစ်ပါတယ်။

ဒါပေမဲ့ အဲ့ဒီ ပန်ဒါတွေကို တွေ့ခဲ့ရတဲ့နေရာဟာ တရုတ် သစ်ကုမ္ပဏီတွေ မြန်မာနိုင်ငံတွင်းလာရောက်ပြီး သစ်တွေခုတ်၊ တောကောင်တွေကို အမဲလိုက်နေတဲ့ ပျက်စီးပျက်သုဉ်းနေတဲ့ သစ်တောတစ်ခုမှာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဦးစောစိုးအောင်က ဒီပန်ဒါတွေကို တွေ့လိုက်ရတော့ စိတ်ထဲမှာ ခံစားချက်နှစ်မျိုး တပြိုင်နက်ဖြစ်သွားခဲ့ပါတယ်၊ တစ်မျိုးက ရှားပါး ပန်ဒါအနီတွေ တွေ့လိုက်ရပြီး၊ ဗီဒီယိုမှတ်တမ်းတင်ခဲ့နိုင်လို့ ပျော်ရွှင်ရတဲ့ ခံစားမှုဖြစ်ပြီး၊ နောက်တစ်မျိုးကတော့ သူတို့ကျက်စားရနေရာဒေသရဲ့အခြေအနေတွေ ပျက်စီးနေတာ၊ သူတို့ဆက်လက်ရှင်သန်ရေးအတွက် ခြိမ်းခြောက်မှု အန္တရာယ်တွေ ရှိနေတာတွေ့ရတဲ့အတွက် ဝမ်းနည်းကြေကွဲရတဲ့ ခံစားမှုပဲဖြစ်ပါတယ်လို့ ပြောဆိုခဲ့ကြောင်း PHYS ခေါ် သိပ္ပံ၊ နည်းပညာနဲ့ သုတေသန အင်တာနက် စာမျက်နှာ သတင်းမှာ ဖော်ပြပါတယ်။

RFA Burmese

ကယ်တင်ရှင်ငါ့ကိုလမ်းပြသည်၊ ဘယ်တော့တရန်ရှိသနည်း။ All the way 209 ၂၅၄

လမ်းတရှောက်လုံးကျူး။ ၂၅၄ တရား၊ ၃၂း၁၂
All the way 209

ထာဝရဘုရားတပါးတည်းသာလျှင်ဆောင်သွားတော်မူ၏။
 
၁ ကယ်တင်ရှင်ငါ့ကိုလမ်းပြသည်၊
ဘယ်တော့တရန်ရှိသနည်း။
ငါ့ကိုလမ်းပြတော်မူရှင်အား
ဤဘဝအသက်ရှင်သည်တွင်၊
စုံစမ်းခြင်းမျိုးမျိုးတို့ပင်
ဖိစီးနှိပ်စက်လာသောအခါ၊
ကိုယ်တော်စီရင်တိုင်းဖြစ်ပါ။

၂ ကယ်တင်ရှင်ငါ့ကိုလမ်းပြစဉ်၊
 
ထောက်မအားပေးလျက်နှင့်ပင်။
စုံစမ်းခြင်းကိုခံနိုင်ဘို့ရာ၊
ကျွေးတော်မူအသက်မုန့်မှာ။
ခွန်အားပြည့်လျက် မောပန်းခြင်းကင်း။
သောက်လျက်နေသက်စမ်းရေတွင်း၊
ပလ္လင်တော်ရှေ့မှထွက်စီးလေ၊
ဝမ်းမြောက်ခြင်းစမ်းရေမြင်ပေ။

၃ ကယ်တင်ရှင်ငါ့ကိုလမ်းပြသည်။
 
ကိုယ်တော်ချစ်ခြင်းအံ့ဘွယ်တည်း။
ထက်အဘအိမ်တော်တွင်ငြိမ်းစွာ၊
နေစိမ့်ငှါဂတိတော်ထား။
ကျွန်ုပ်ဝိညာဉ်အတောင်ဖြန့်လျက်
ထွန်းတောက်ကောင်းကင်သို့ပျံတက်၊
ထိုအခါစဉ်သီချင်းဆိုမည်။
ယေရှုငါ့ကိုလမ်းပြပြီ။

------
ALL THE WAY MY SAVIOR LEADS ME
Words: Fanny Crosby
Music: Ro­bert Low­ry

All the way my Savior leads me
What have I to ask beside?
Can I doubt His tender mercy,
Who through life has been my Guide?
Heav’nly peace, divinest comfort,
Here by faith in Him to dwell!
For I know, whate’er befall me,
Jesus doeth all things well;
For I know, whate’er befall me,
Jesus doeth all things well.
All the way my Savior leads me
Cheers each winding path I tread,
Gives me grace for every trial,
Feeds me with the living Bread.
Though my weary steps may falter
And my soul athirst may be,
Gushing from the Rock before me,
Lo! A spring of joy I see;
Gushing from the Rock before me,
Lo! A spring of joy I see.
All the way my Savior leads me
O the fullness of His love!
Perfect rest to me is promised
In my Father’s house above.
When my spirit, clothed immortal,
Wings its flight to realms of day
This my song through endless ages:
Jesus led me all the way;
This my song through endless ages:
Jesus led me all the way.

ပထမဆုံးမြန်မာလူမျိုး ခရစ်ယန်

ကျွန်တော် ငယ်စဉ်က မုံရွာမြို့မှာနေစဉ် ... မက်သဒစ်ခရစ်ယာန်ကျောင်းဝင်းအတွင်းမှာ နေထိုင်ပါတယ်။ လမ်းတစ်ဖက်မှာတော့ ရိုမင်ကက်သလစ်ကျောင်းဝင်းက အိမ်ခြေများစွာရှိပါတယ်။ သူတို့ကို မုံရွာမြို့သားများက ဘုရင်ဂျီဘာသာဝင်လို့ ခေါ်ကြတော့ .. ကျွန်တော်တို့က ခရစ်ယန်ဘာသာဝင်၊ သူတို့က ဘုရင်ဂျီဘာသာဝင် .. မတူညီတဲ့ဘာသာ၂ခုပဲလို့ ခံယူထားပါတယ်။ အဆက်အဆံလည်း မရှိကြပေမဲ့ ခရစ်စမတ်အချိန်ကြတော့ သူတို့လည်း ခရစ်စမတ်ပွဲလုပ်ကြတယ်။ သီချင်းတွေကလည်း တူနေတော့ .. သြော် .. ဒီဘာသာနှစ်ခုက ခပ်ဆင်ဆင်ပါလား... လို့တွေးမိတယ်။ မိဘများကလည်း ဘုရားချင်း အတူတူပဲဆိုတာ ... မပြောတာလား၊ ရှင်းမပြနိုင်တာလား .. မသိတော့ပါဘူး။ နောက်ဆုံးတော့ သူတို့လဲ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော် သုံးပါးတစ်ဆူ ဘုရားကိုပဲ ကိုးကွယ်ကြတာ အသက်အရွယ်ရောက်မှ သိရတော့တယ်။ ..

အခုအချိန်အထိ မုံရွာသားများက ဘုရင်ဂျီလို့ခေါ်တဲ့ ရိုမင်ကက်သလစ်များနဲ့ ကျွန်တော်တို့ ပရိုစတက်တင့် (ဘက်ပတစ်) များ သိပ်ရင်းနှီးမှုမရှိလှပါဘူး။ တချို့ ရိုမင်ကက်သလစ်က ပရိုတက်စတင့်ပြောင်းလာတဲ့လူတွေ အထူးသဖြင့် အမေရိကားရောက် ဖိလစ်ပင်းလူမျိုးတွေ .. လည်း သုံးပါးတစ်ဆူ ဘုရားအတူတူ ဖြစ်တယ် ဆိုတာကို မပြောပဲ .. ရိုမင်ကက်သလစ်တွေရဲ့ မလွတ်လပ်မှု၊ ရုပ်ထုများပြားမှုတွေကို .. ဝေဖန်ပြောဆိုကြတယ်။ ဘာပဲဖြစ်ပါစေ .. ခရစ်ယာန်ဘာသာရဲ့ အရင်းအမြစ်ဟာ ဂျူးလူမျိုးဖြစ်ပြီး၊ ခရစ်ယာန်ဘာသာ မူလပထမဟာ ရိုမင်ကက်သလစ်တွေဖြစ်တယ်ဆိုတာ .. ကျွန်တော်တို့ လက်ခံရမှာပါ။

မာတင်လူသာက ရိုမင်ကက်သလစ် ကြိုးနီစနစ်ကြောင့် မဖွယ်မရာတွေကြောင့် တော်လှန်ရေး တရပ်ဖြစ်ပွားပြီး .. ဥရောပမှာ စစ်တွေဖြစ်၊ .. နောက်ဆုံး ပရိုတက်စတင့်ဘာသာ ဖြစ်လာပြီး .. ဘုန်ကြီးလည်း မိန်မယူလို့ရတဲ့ ခရစ်ယာန် (ရှေးတုန်းက ယဇ်ပရောဟိတ်တွေလို) ဖြစ်လာကြတယ်။ ရိုမင်ကက်သလစ်တွေလည်း သူတို့စည်းမျဉ်းတွေကို .. အာဏာသိပ်မသုံးပဲ လျှော့ချလိုက်တော့တယ်။

ကမ္ဘာ့လူမှု၊သမိုင်းပညာရှင်တွေကပါ ... ရိုမင်ကက်သလစ် နဲ့ ပရိတက်စတင့် ၂ခုစလုံးကို ခရစ်ယာန်များလို့ သတ်မှတ်ထားပါတယ်။ ကျွန်တော့ ကိုယ်ပိုင်အမြင်အရလည်း လက်ခံပါတယ်။

ဒီတော့ မြန်မာ့ ခရစ်ယာန်သမိုင်းကို ပရိုတက်စတင့်တွေ ရေးတာပဲ ဖတ်နေရတဲ့ ကျွန်တော့အဖို့ မြန်မာပြည်ရောက်တဲ့ ပထမဆုံးသော ခရစ်ယာန် ဘုန်းကြီးဟာ ဆရာကြီးယုဒဿန်ဖြစ်တယ်။ ပထမဦးဆုံးသော ခရစ်ယာန်ဖြစ်လာတာ ဦးနောဖြစ်တယ်၊ မြန်မာပြည် ခရစ်ယာန်ဘာသာ ၁၈၁၃ မှာ ရောက်လာတာ အနှစ်၂၀၀ ပြည့်တော့မယ် .. .. ဆိုတဲ့ အမြင်ရှိပါတယ်။ သမိုင်းကို နည်းနည်းပါးပါး ဖတ်ကြည့်တော့ .. လွဲမှား ပြောနေကြတာတွေ့ရပါတယ်။

တကယ်တော့ ဗမာစာပေလေ့လာသူတိုင်း ... နတ်ရှင်နောင်နဲ့ ဓါတုကလျှာ ရတု၊ကဗျာတွေကို မဖတ်ဖူးတောင် ကြားဖူးမှာပါ။ နတ်ရှင်နောင် တောင်ငူဘုရင်ဖြစ်စဉ်မှာ ပေါ်တူဂီ ငဇင်ကာ ဆိုတဲ့ ဒီဗရစ်တိုဟာ သံလျှင်ကို ဘုရင်ခံအဖြစ် ၁၅၉၉ မှာ ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ ရိုမင်ကက်သလစ်ဘုန်းတော်ကြီးများ နဲ့ ဘုရားကျောင်းများ သံလျှင်နယ်မှာ မစ်ရှင်စတင်ခဲ့ပါတယ်။ နောက်ပိုင်း အနောက်ဖက်လွန်မင်းက နတ်ရှင်နောင်ရဲ့ တောင်ငူကို သိမ်းပိုက်ပြီးတဲ့နောက် .. နန်းကျဘုရင် နတ်ရှင်နောင်တယောက် ဒီဘရစ်တိုရှိရာ သံလျှင်မှာ သွားရောက်ခိုလှုံရင်း ဆက်လက်ပုန်ကန်ခဲ့ပါတယ်။ ဒီဗရစ်တို နဲ့ နတ်ရှင်နောင်တို့ တော်တော်ရင်းနှီးမှု ရခဲ့ပြီးပါတယ်။ဒီနောက်မှာ နတ်ရှင်နောင်ကို ရိုမင်ကက်သလစ်ဘာသာအဖြစ် ဘုန်းတော်ကြီးတစ်ပါးအားဖြင့် ဗတ္တိဇံမင်္ဂလာ ပေးခဲ့ပါတယ်။ ၁၆၁၃ မှာ သံလျှင်ကို အနောက်ဖက်လွန်မင်း အပြင်းအထန် တိုက်ခိုက်သိမ်းယူပြီးနောက် ဒီဗရစ်တိုကို ကွပ်မျက်ခဲ့ပါတယ်။ အနောက်ဖက်လွန်မင်းရဲ့ ညီအစ်ကိုတစ်ဝမ်းကွဲတော်သူ နတ်ရှင်နောင်ကိုတော့ သစ္စာခံရင် လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ကမ်းလှမ်းပါတယ်။ နတ်ရှင်နောင်က ရိုမင်ကက်သလစ်ခရစ်ယာန်ဖြစ်သွားပြီဆိုတော့ သစ္စာခံ၊ဘာသာစွန့်မလုပ်နိုင်ပဲ မာတုရအဖြစ် ကွပ်မျက်ခြင်းကိုပဲ ခံယူသွားပါတယ်။

ဒါကြောင့် မြန်မာပြည်ကို ခရစ်ယာန်ဘာသာ ရောက်ရှိတာ ၁၅၉၉ ခုနှစ် (လွန်ခဲ့တဲ့ အနှစ်၄၁၀) ကပဲ၊ ပထမဆုံးသော လူသိရှင်ကြား ခရစ်ယာန်ဖြစ်လာသူကတော့ နတ်ရှင်နောင် .. လို့ ပြောရပါမယ်။

ခရစ်စမတ်သင်ခန်းစာ

”အင်း မနက်ဖြန်ဆိုရင် ခရစ်စမတ်တောင် ရောက်ပြီပဲ”
စင်္ကာပူ တိုက်ခန်းကျဉ်းလေးရဲ့ ပက်လက်ကုလားထိုင်မှာ အကျအနထိုင်ပြီး စိတ်ထဲကနေ ကျုပ်တိုးတိုးလေးရေရွတ်လိုက်တယ်။ ကျုပ်ရဲ့စိတ်ဟာ ခရစ်စမတ်ဆိုတဲ့ အသိကြောင့် ပေါ့ပါးပြီး လန်းဆန်းနေတယ်။ ရာသီဥတုကလည်း ဒီနှစ်ကျမှာ မချမ်းစဘူး အချမ်းထူးပြီး အေးမြကြည်လင်နေတယ်။ နုပျိုနေသေးတဲ့ ညကို ဖြတ်တိုက်လာတဲ့ လေနုအေးလေးတွေကို ကျုပ်အားရပါးရ ခံစားရင်း ကျေနပ်စွာ ပြုံးလိုက်တယ်။ အဲဒီလိုနေတုန်းမှာပဲ ကျုပ်ရဲ့ မျက်စိအကြည့်က မလှမ်းမကမ်းမှာ ပိုးလိုးပက်လက် အိပ်မောကျနေတဲ့ ခုနှစ်နှစ်အရွယ် သမီးလေး ဆီကို ရောက်သွားတယ်။ သမီးလေးရဲ့ ဘေးမှာ နို့စိုအရွယ် အငယ်ကောင်ကလည်း ကျုပ်ရဲ့ ဇနီးသည် ရင်ခွင်ထဲမှာ အိပ်မောကျနေတယ်။ သမီးလေးက သိတတ်တဲ့ အရွယ် ရောက်ပြီမို့ ပုံသွင်းလို့ ကောင်းတဲ့အရွယ်၊ ဆိုဆုံးမလို့ ကောင်းတဲ့ အရွယ် ဖြစ်နေပြီ။ ဒီသမီးကို ဒီနှစ်ခရစ်စမတ်မှာ ဘယ်လိုသင်ခန်းစာမျိုးပေးပြီ ဆုံးမလို့ ရမလဲ ဆိုတာကို ကျုပ်စဉ်းစား တွေးတောလိုက်တယ်။
ဆုံးမရမဲ့ နည်းလမ်းကို ကျုပ်အတော်ကြာကြာ စဉ်းစားပေမဲ့လည်း အဖြေက မထွက်နိုင်ဘူးဖြစ်နေတယ်။ ကျုပ်အလျှော့မပေးပဲ မရမက စဉ်းစားပြန်တယ်။ ဖတ်ခဲ့မှတ်ခဲ့ရတဲ့ ခရစ်စမတ်အကြောင်းတွေ၊ ကိုယ်ပိုင်တွေ့ ကြုံ ခဲ့ရတဲ့ ခရစ်စမတ်အဖြစ်အပျက်ကလေးတွေမှာ သင်ခန်းစာတွေ ရှာကြည့်တယ်။ လူကြီးတွေသာ နားလည်နိုင်တဲ့ သင်ခန်းစာတစ်ချို့ စဉ်းစားလို့ ရပေမဲ့ သမီးလေးနဲ့ သင့်တော်မယ့် သင်ခန်းစာမျိုး ရှာလို့မရခဲ့ပါဘူး။ အဖြေရဖို့အတွက် စဉ်းစားရင်း စဉ်းစားရင်း နဲ့ ကျုပ်ရဲ့ခေါင်းတွေ မူးလာတယ်။ ပတ်ဝန်းကျင်က အသံတွေလည်း ဗလုံးဗထွေးနဲ့ မကြားတချက်ကြားတချက် ဖြစ်လာတယ်။ မျက်ခွံတွေကလည်း လေးလံလာပြီး မှေးစင်းလာတယ်။ အသက်ရှုသံကလည်း တဖြည်းဖြည်းပြင်းလာတယ်။ ရွှဲနေတဲ့ ဗိုက်ကလဲ ပိန်လိုက် ဖောင်းလိုက် နဲ့ စည်းချက်ဝါးချက် မှန်မှန် ဖြစ်လာတယ်။ အဆုံးမှာတော့ ကျုပ်ရဲ့ ခေါင်းဟာ ငိုက်စိုက်ကျသွားပြီး ကျုပ်ဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့တယ်။
”၀ုန်း”
အိပ်ပျော်လို့ ဘယ်လောက် ကြာသွားမှန်းတောင် မသိပါဘူး။ လေးပင်တဲ့ အရာတစ်ခုခု ကြမ်းပြင်ကို ပစ်ချလိုက်တဲ့ အသံမျိုး ကြားလိုက်ရလို့ ကျုပ်ဟာ လန့်နိုးသွားပြီး ပြူးပြူးပြာပြာနဲ့ အိပ်နေတဲ့ ကုလားထိုင်ကနေ အလန့်တကြား ထရပ်လိုက်တယ်။ မှုန်ဝေသီနေတဲ့ ကျုပ်ရဲ့ မျက်စိတွေကို လက်နဲ့ သပ်ပြီး ဘာများလဲလို့ သေသေချာချာ ကြည့်လိုက်တော့။ လား.. လား။ ဆွတ်ဆွတ်ဖြူနေတဲ့ မုတ်ဆိတ်မွှေး နဲ့ အင်္ကျီနီနီ၊ ဘောင်းဘီနီနီ၊ဦးထုပ်နီနီကို ၀တ်ထားတဲ့ ကျုပ်လို ဗိုက်ရွှဲရွှဲ ပေမီဒေါက်မီ အနောက်တိုင်းသား အင်္ဂလိပ်ကြီးတစ်ယောက် ကျုပ်ကို မမှိတ်မသုန် စိုက်ကြည့်နေတာကို တွေ့လိုက်ရတယ်။
”ဟင်။ ခင်ဗျား.. ခင်ဗျား။ စင်တာကလော့ မဟုတ်ဘူးလား။ အဲ.. အဲ။ Are you Santa Claus?”
အယောင်အယောင်အမှားမှားနဲ့ ကျုပ်စင်တာကြီး ဗမာလို ပြောပြီးခါမှ စင်တာကလော့က ဗိုလ်လူမျိုးဆိုတာ သတိရသွားပြီး ဗိုလ်လို ပြောင်းပြောလိုက်တယ်။
”ဟိုး။ ဟိုး။ ဟိုး (အသံထွက် ရယ်လျက်) ။ ဟုတ်ပါ့ဗျာ။ ကျုပ်က ကလေးတွေ ချစ်တဲ့ စင်တာကလော့ ဘိုးဘိုးပါ”
အလိုလေး။ ကျုပ်က စင်တာကြီးကို ဗိုလ်လို ပြောပေမဲ့ သူက ဗမာလို ပီပီကြီး ကျုပ်ကို ပြန်ပြောနေပါလား။ မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး။ မဟုတ်မှလွဲရော ငါအိမ်မက်မက်နေတာပဲ ဖြစ်ရမယ်။
”ကိုင်းကွာ”
ကျုပ်ကိုကျုပ် အိပ်မက်ထဲမှာ ဟုတ်မဟုတ် ဆွဲလိမ်ကြည့်လိုက်တယ်။
”အား”
ဆိတ်ကြည့်တော့ ကျုပ်ဟာ တကယ်နာတာကို တွေ့လိုက်ရတယ်။ အိပ်မက်မဟုတ်တာ သေချာသွားပြီ ဆိုတာ ကျုပ်သိလိုက်တယ်။ ထူးဆန်းတာတွေ ဖြစ်နေပြီ ဆိုတာလဲ အလိုလို စိတ်ထဲမှာ ခံစားလိုက်ရတယ်။
”ခင်ဗျား... ခင်ဗျား... ဘယ်လိုလုပ် ဗမာစကား ပြောတတ်တာလဲ။ ပြီးတော့ .. ဘယ်လိုလုပ် ကျုပ်အခန်းထဲ ရောက်နေတာလဲ။ အိမ်ရှင်မသိပဲ ၀င်လာရင် သူခိုးပဲဗျ။ ကျုပ် ရဲတိုင် ပစ်မှာနော်။ ”
 ”အမယ်လေးလေး။ မေးခွန်းတွေက များလှချည်လား။ ပြီးတော့ လူကိုတောင် ရဲတိုင်မယ်လေးဘာလေးနဲ့ ခြိမ်းခြောက်လိုက်ရသေးတယ်။ ဒီမှာ တူမောင် မြဲမြဲမှတ်ထား။ စင်တာကလော့ ဆိုတာ ကလေးတွေ အတွက် လက်ဆောင်ကို သူတို့ မသိအောင် ခိုးကြောင် ခိုးဝှက် ထည့်ထားပေးရတာ ။ ဒါမှလည်း ကလေးတွေ မနက်မိုးလင်းလို့ လက်ဆောင်တွေကို မထင်မှတ်ပဲတွေ့ရင် ၀မ်းသာပေမပေါ့။ စင်တာကလော့ကို မင်းလက်ထက်ကျမှပဲ သူခိုးလို့ စွပ်ဆွဲပြီး ရဲတိုင်မယ်လို့ ကြားဖူးသေးတယ်။ ပြီးတော့ စင်တာကလော့ဆိုတာ လက်ဆောင်ပေးဖို့ ကမ္ဘာအနှံ့ သွားရတာ။ ဘာသာစကားပေါင်းစုံ တတ်ထားရတယ်။ စင်တာကလော့ အတွက် ဗမာစကား တတ်တာ ဘာများထူးဆန်းလို့လဲ မောင်ရင်ရယ်။”
 ” အင်း။ ခင်ဗျား ပြောတော့လည်း ဟုတ်သားပဲ။ ဒါပေမဲ့ နေပါဦး။ ခင်ဗျားက လူမသိ သူမသိ လာတယ်သာ ဆိုတယ်။ တခြားလူတွေ မသိအောင်လာပေမဲ့ ကျုပ်သိအောင်တော့ ဘာဖြစ်လို့လာရသေးသလဲ။”
 ”ဒီမှာ မောင်ရင်။ လူမသိ သူမသိ ဆိုတာ ကလေးတွေ မသိအောင်ကို ပြောတာကွ။ မင်းလို လူကြီးတွေ မပါဘူး။ ပြီးတော့ မင်းကို ဘိုးဘိုးပြောစရာတွေ အများကြီး ရှိလို့ မင်းသိအောင်လာရတာ။ နားလည်ပြီလား။”
 ”ဘာ။ ကျုပ်ကို ပြောစရာတွေ ရှိလို့ ဟုတ်လား။ ပြောစမ်းပါဦး။ ဘာများပြောချင်လို့လဲ။”
 ”အေးကွ။ မင်းကလေးတွေကို ဒီနှစ်ခရစ်စမတ်မှာ ဘယ်လို သင်ခန်းစာ ပေးရမလဲ ဆိုတာ ခုကလေးတင် မင်းစဉ်းစားနေတာ မဟုတ်လား။ အဲဒီအတွက် မင်းကို ကူညီဖို့လာတာ။ မင်းဆိုတဲ့ အကောင်က စာရေးဆရာ ယောင်ယောင်၊ ဗီဒီယို မင်းသားယောင်ယောင်၊ ဟိုယောင်ယောင်၊ဒီယောင်ယောင် နဲ့ ယောင်ခြောက်ဆယ်အကောင်။ ရေးလိုက်တဲ့ စာတွေကလည်း ဘယ်သူမှ နားမလည် အောင် ရေးထားသလား အောက်မေ့ရတယ်။ ပေါက်တတ်ကရ တွေချည်းပဲ လျှောက်ရေးနေတယ်။ မင်းကလေးတွေအတွက် သင်ခန်းစာလွယ်လွယ်လေးကိုတော့ မပေးတတ်တော့ဘူး မဟုတ်လား။ မင်းလို ယောင်သမားမျိုးတွေကြောင့် ခက်ရချည်သေးရဲ့ မောင်ရင်ရယ်။”
 စင်တာကြီးတော့ ကျုပ်အကြောင်း ဘယ်လို စုံစမ်းထားလို့ သိနေသလဲ မသိဘူး။ ခပ်သာသာနဲ့ ကျုပ်ကို တွယ်ထည့်လိုက်တာကြောင့် ဟုတ်ရင်ခံခက် ဒေါသထွက် ဆိုသလို ကျုပ်ဟာ ဒေါသတွေအလိပ်လိုက် ထွက်လာတယ်။ ဒေါသအရှိန်ကြောင့် အသားတွေ တဆတ်ဆတ် တုန်လာတယ်။ ကျုပ်ရဲ့ မျက်နှာတွေဟာလည်း နီမြန်းလာတယ်။
 ”ဒီမှာ စင်တာကြီး။ ခင်ဗျား အကူအညီကို ပေးချင်ရင်ပေး မပေးချင်ရင်နေ။ကျုပ်ဂရုမစိုက်ဘူး။ ကျုပ်ကိုတော့ မစော်ကားနဲ့ဗျ။ အခုပဲ ကျုပ်အိမ်ကနေ ထွက်သွားပါ။”
 ဒေါသထွက်ထွက်နဲ့ ကျုပ်ပြောလိုက်တာကြောင့် စကားတွေက ကြမ်းကြမ်းတမ်းတမ်း ထွက်သွားတယ်။
 ”ဟိုး။ ဟိုး။ ဟိုး။ တူမောင်ကလည်း စိတ်ကြီးရန်ကော။ ဘိုးဘိုးက မင်းကို ချစ်လို့ ကြည်စားတာပါ။”
 ”ကြည်စားသန်ရင် ရန်များတယ်တဲ့ဗျ။ စင်တာကြီး ကျုပ်ကို သင်ခန်းစာ မပေးခင် စင်တာကြီးကို ကျုပ်က သင်ခန်းစာ ပြန်ပေးရမယ်။”
 ”ကဲ။ ကဲ။ မောင်ရင်ရယ်။ စိတ်မဆိုးပါနဲ့ ဘိုးဘိုးတောင်းပန်ပါတယ်ကွယ်။ မောင်ရင်ပဲ အိပ်မပျော်သွားခင်က သမီးကို ခရစ်စမတ်သင်ခန်းစာ ဘယ်လိုပေးရမှာကို စဉ်းစားလို့ မရဘူး မဟုတ်လား။ ဘိုးဘိုးစင်တာ ကူညီပါ့မယ်ကွယ်။ လက်ခံမယ်မဟုတ်လား”
 စင်တာကြီးက လျှော့လိုက်တာကြောင့် ကျုပ်ရဲ့ ဒေါသစိတ်တွေ ပျောက်သွားတယ်။
 ”အဲဒီလို လုပ်စမ်းပါ စင်တာကြီးရာ။ ဒီလိုဆို လက်ခံပါ့မယ်။ ကဲ ဘယ်လိုကူညီမှာလဲ”
 ”ကူညီဖို့ဆိုရင် မောင်ရင် ဘိုးဘိုးနဲ့ လိုက်ခဲ့ရမယ်။ ဘယ့်နှယ့်လဲ ဖြစ်တယ်မဟုတ်လား။”
 ”ကျုပ်က ဘယ်ကို လိုက်ရမှာလဲ။”
 ”ဘယ်ကိုလဲ ဆိုတာကို မေးမနေနဲ့။ ဘိုးဘိုးကို ယုံတယ်မဟုတ်လား။ ယုံရင်လိုက်ခဲ့”
 ကျုပ်လဲ လူလိမ်စင်တာကလော့ ဆိုတာ တခါမှ မကြားဘူးလေတော့ သူ့နောက်ကို လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။
 ”စင်တာကြီးကို ကျုပ်ယုံပါတယ်။ ကျုပ်လိုက်ပါ့မယ်။ စင်တာကြီးသာ ရှေ့ ကနေသွား။ ကျုပ် နောက်ကနေလိုက်ခဲ့မယ်။”
 ကျုပ်ဟာ ပြောပြောဆိုဆို စင်တာကြီးနောက်ကို လိုက်ဖို့ ပြင်လိုက်တယ်။
 ” အိုး နေဦး။ နေဦး။ ကျုပ်မိန်းမကို အပြင်ထွက်မဲ့ အကြောင်း သွားပြောရဦးမယ်။”
 ” မောင်ရင်။ မင်းမိန်းမကိုတော့ သွားပြောမနေနဲ့တော့။ တော်ကြာ မင်းကို မလွှတ်ပဲနေရင် ဒုက္ခရောက်နေဦးမယ်။ ဒါပေမဲ့ မင်းရဲ့ အနွေးထည်ကို တော့ သွားယူလိုက်။ မင်းရဲ့ မှတ်စုစာအုပ်နဲ့ ဘောလ်ပင်ပါယူခဲ့။”
 ”အနွေးထည်ကတော့ ဟုတ်ပါပြီ။ မှတ်စု စာအုပ်က ဘာလုပ်ဖို့တုန်း။”
 ”မောင်ရင်ပဲ သမီးအတွက် သင်ခန်းစာတွေ ပေးမယ်ဆို။ ဘယ်လို သင်ခန်းစာမျိုးကို ပေးရမယ်ဆိုတာ မောင်ရင်ကိုယ်တိုင် မှတ်ရမှာပေါ့။ သွားမြန်မြန်သွားယူ အချိန်သိပ်မရှိတော့ဘူး။”
 ကျုပ်လဲ အနွေးထည်ကို ကမန်းကတန်းဝတ်လိုက်ပြီး ကျုပ်ရဲ့မှတ်စုနဲ့ ဘောလ်ပင်ကို အိတ်ထဲမှာ အသာထည့်လိုက်တယ်။ ပြီးတော့ အိပ်ပျော်နေတဲ့ ဇနီးသည်နဲ့ ကလေးတွေကို တချက်ကြည့်လိုက်ပြီး ဘိုးဘိုးစင်တာ နောက်ကို အပြေးကလေး လိုက်သွားတယ်။
 ကျုပ်တို့ တိုက်ခန်းလေးကနေ အောက်ထပ်ရောက်လို့ ဘေးပတ်ဝန်းကျင်ကို အကဲခတ်လိုက်တော့ လူသွားလူလာ သိပ်မရှိတော့တာတွေ့ရတယ်။ စင်္ကာပူ မြို့ ကြီး တစ်ခုလုံးကလည်း အိပ်မောကြနေသည့်အလား ငြိမ်သက်နေတယ်။ ရှေ့ ကနေ ဦးဆောင်သွားနေတဲ့ စင်တာကြီး နောက်ကို ကျုပ်ထပ်ချပ်မကွာ လိုက်တယ်။ အင်္ကျီအနီထူထူ၊ ဘောင်းဘီအနီထူထူကြီးကို ၀တ်ဆင်ထားတဲ့ စင်တာကြီးကို ကျုပ်ကြည့်ပြီး တွေးမိတယ်။ စင်တာကြီးက ဒီအင်္ကျီကြီးကို ၀တ်ပြီး ဘယ်လိုနည်းနဲ့ ငါ့ဆီလာတာပါလိမ့်။ ဒီအ၀တ်အစားကြီးနဲ့ ကားမောင်းလာရင်လည်း တော်တော်ကျပ်ကျပ်သပ်သပ် ဖြစ်လိမ့်မယ်။ ဒီဝတ်စုံအလေးကြီးနဲ့ ခြေကျင်လျှောက်လာတာလဲ မဖြစ်နိုင်ဘူးလို့ ကျုပ်တွေးမိတယ်။ ကျုပ်အဲဒီလိုတွေးရင်း သိပ်မကြာခင်မှာပဲ ကျုပ်နေတဲ့ တိုက်နဲ့ မလှမ်းမကမ်းမှာ ရှိတဲ့ ပြည်သူတွေအတွက် ဆောက်ထားတဲ့ ပန်းခြံထဲက မြက်ခင်းပြင်ကို ရောက်လာတယ်။ မြက်ခင်းပြင်ကို ဖြတ်လျှောက်လို့ ကွင်းလယ်လောက် အရောက်မှာ ကျုပ်အသက်ရှု ရုတ်တရက် ရပ်သွားတယ်။
 ”ဟာ”
 အံ့သြတဲ့ စိတ်နဲ့ ကျုပ်ရဲ့ ပါးစပ်ကနေ အာမေဋိတ်အသံ အကျယ်ကြီး ထွက်သွားတယ်။ ကွင်းလယ်မှာ ရိန်ဒီးယားလို့ ခေါ်တဲ့ သမင်ကြီး ခြောက်ကောင်ဟာ လှပစွာ ချယ်မှုန်းထားတဲ့ စွပ်ဖားလှည်းကြီးကို ဆွဲထားတယ်။ ဒီလောက်ကြီးတဲ့ သမင်ကြီးတွေကို ကျုပ်ဘ၀မှာ တစ်သက်နဲ့ တစ်ကိုယ် တခါမှ မမြင်ဖူးလေတော့ ရင်သပ်ရှုမော အံသြရတာပေါ့။ ဦးချိုကြီးတွေကလည်း သစ်ကိုင်းသစ်ခက်တွေ ယှက်နေသလိုမျိုး ပုံသဏ္ဍန်ရှိနေပြီးတော့ ကိုယ်ခန္ဓာတွေကလည်း တောင့်တင်းကြံ့ခိုင်ပုံရတယ်။ သမင်ကြီးခြောက်ကောင်လုံးဟာ ဒေါက်တူ၊ရွယ်တူတွေ ဖြစ်ပြီး ဆင်တူလေးတွေ ဖြစ်တယ်။
စင်္ကာပူမြို့ လယ်ကြီးမှာ ဒီလိုရှားပါးပါး သမင်ကြီးတွေကို စင်တာကြီး ဘယ်လိုရအောင် သယ်လာသလဲ မသိဘူး။ မဟုတ်မှလွဲရော တိရိစ္ဆာန်ရုံထဲကနေ ခိုးလာတာပဲ ဖြစ်ရမယ်။ သမင်တွေထားပါတော့ စွတ်ဖားလှည်းကြီးကိုကော ဘယ်ကနေ ယူလာပါလိမ့်။ ခရစ်စမတ်ပြဇတ်တွေကနေ လူမသိအောင် ခိုးလာခဲ့တာများလား။
 ကျုပ်ဟာ ကျုပ်ရဲ့အတွေးထဲမှာ တွေးရင်း မသိုးမသန့် လိုလို ခံစားရတယ်။ စင်တာကြီးကို သိပ်မယုံချင်ဘူးလို ဖြစ်လာတယ်။ ကျုပ်ရဲ့ သံသယအစိုင်အခဲတွေလဲ ကြီးထွားလာတယ်။ စင်တာကြီးဟာ ကြည့်ရင်းကြည့်ရင်းနဲ့ သူခိုးရုပ်ပေါက်လာတယ်။ သူ့ရဲ့ အကြည့်တွေက သူခိုးတွေကြည့်တတ်တဲ့ ကျီးကန်းတောင်းမှောက် အကြည့်လိုမျိုး မြင်လာတယ်။ သူ့ရဲ့ ခြေလှမ်းတွေဟာလည်း သူခိုးတွေလို ပေါ့ပါးပြီး မြန်ဆန်လှတယ်လို့လဲ ထင်လာတယ်။ ”မဟုတ်သေးပါဘူးလေ စိတ်ထင်လို့ နေမှာပါ” ဆိုပြီး ကျုပ်ရဲ့ စိတ်ကို အတတ်နိုင်ဆုံး စင်ကြယ်အောင်ထားပြီး စင်တာကြီးကို ထပ်အကဲခတ်လိုက်ပြန်တယ်။ ဒီတစ်ခါကျတော့ ပိုပြီး ဆိုးသွားတယ်။ စင်တာကြီးကို စိတ်မနှံ့တဲ့သူ အဖြစ် ကျုပ်စိတ်ထဲထင်လာတယ်။ သူ့ရဲမျက်စိတွေဟာ သူရူးတစ်ယောက်ရဲ့ မျက်စိတွေလို မတည်ငြိမ်ပဲ လည်နေတယ်လို့ထင်လာတယ်။ သူလမ်းလျှောက်ပုံတွေဟာ မူမမှန်ပဲ အရူးတွေလမ်းလျှောက်တဲ့အတိုင်း ခြေလှမ်းတွေက မမှန်ဘူးလို့ စိတ်ထဲထင်လာတယ်။ ”ဒုက္ခပါပဲ ကျုပ်တော့ လူပေါင်းမှားပြီ .. အဲအဲ.. စင်တာပေါင်းမှားပြီနဲ့ တူတယ်” လို့ ကျုပ် မသိမသာလေး စိတ်ထဲမှာ ရေရွတ်လိုက်တယ်။
 ” မောင်ရင်ကတော့ လူတစ်ကာကို သံသယစိတ်နဲ့ ကြည့်တော့တာပဲ။ ဘိုးဘိုးက မင်းထင်သလို သူခိုးလည်း မဟုတ်ပါဘူးကွာ။ သူရူးလည်း မဟုတ်ပါဘူး။ ဘိုးဘိုးက စင်တာစစ်စစ်ပါ။ သံသယစိတ်နဲ့ ကြည့်ရင် ဘယ်အရာမဆို သံသယစိတ်က ဖြစ်တဲ့အတိုင်း ထင်တော့တာပါပဲ မောင်ရင်။ လူတစ်ယောက်ကို သူခိုးလို့ ထင်လိုက်ရင် အဲဒီလူဟာ ဘယ်လိုပဲ လူကောင်းတစ်ယောက်လို လုပ်နေလုပ်နေ သံသယရှိနေတဲ့ လူရဲ့ စိတ်ထဲမှာ သူခိုးတစ်ယောက် လိုပဲ မြင်တယ်။ ဆိုပါစို့ကွာ။ အဲဒီလူ ရေသောက်ရင်လဲ သူခိုးတစ်ယောက်ရေသောက်နေသလိုမျိုးလို့ ထင်တယ်။ အဲဒီလူ အပြင်သွားပြန်ရင်လဲ ဒီလူ ခိုးဖို့ သွားပြန်ပြီလို့ ထင်ပြန်တယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ သံသယစိတ်ကို အရင်ဆုံးဖယ်ပြီး ကြည့်လိုက်ရင် အဲဒီလူဟာ သာမာန်လူကောင်း တစ်ယောက်ဆိုတာ သဘောပေါက်သွားလိမ့်မယ်။ ဒီမှာမောင်ရင် ဘယ်သူ့ကို မဆို သံသယကင်းကင်းနဲ့ စိတ်ကို ရှင်းရှင်းလင်းလင်းထားစမ်းပါ။ အဲဒီအခါကျရင် မှန်တဲ့ အမြင်ကို မင်းရလိမ့်မယ်။”
 ဘုရား။ ဘုရား။ စင်တာကြီး ကျုပ်စိတ်ထဲ ဘာတွေ ဖြစ်နေတယ် ဆိုတာကို ဘယ်လို သိနေတာပါလိမ့်။ သူပြောတာကလဲ ဟုတ်နေတာကြောင့် ကျုပ်ဘာမှ ခွန်းတုံ့ပြန်ပြောမနေတော့ပဲ အသာကလေးငြိမ်နေလိုက်တယ်။ စိတ်ထဲမှာ ရှိနေတဲ့ သံသယကတော့ ပျောက်မသွားသေးဘူး။ စင်တာသူခိုးထက် စင်တာရူးကြီး ဖြစ်ဖို့ ပိုများတယ်လို့ ကျုပ်တွေးထင်လိုက်ပြီး မီးစင်ကြည့်ကဖို့ ဆုံးဖြတ်လိုက်တယ်။
 ” ကဲ လာ မောင်ရင်။ လှည်းပေါ်တက်။”
 စင်တာကြီးက ပြောပြောဆိုဆို စွတ်ဖားလှည်းကြီးပေါ်ကို တက်လိုက်ပြီး ကျုပ်ကိုလည်း တက်ဖို့ လက်ကို ကမ်းလိုက်တယ်။ ကျုပ်လည်း အူကြောင်ကြောင်နဲ့ စင်တာကြီးကမ်းတဲ့ လက်ကို ဆွဲလိုက်ပြီး လှည်းပေါ်တက်လိုက်တယ်။
 ”ကဲ မောင်ရင်။ ခါးပတ်ကို သေချာပတ်ထား။ အနွေးထည်ကိုလည်း သေချာဝတ်ထား။ အရမ်းချမ်းတယ်။ ဘိုးဘိုးတို့ ခရီးအဝေးကြီးကို သွားရမယ်။”
 ကျုပ်လဲ စင်တာကြီးပြောသလို ခါးပတ်ကို သေချာစွာ ပတ်လိုက်တယ်။ အနွေးထည်က ဇစ်ကိုလဲ အဆုံးအထိ တင်လိုက်တယ်။ စင်တာကြီးကလည်း သူကိုယ်တိုင် ခါးပတ်ကို ပတ်လိုက်ပြီးတာနဲ့ သမင်တွေကို ထိမ်းတဲ့ ဇက်ကြိုးကို လှမ်းဆွဲလိုက်တယ်။ ဇက်ကြိုး လှုပ်လိုက်တာနဲ့ ရိန်းဒီးယားသမင် ခြောက်ကောင်စလုံးဟာ ဟန်ချက်ညီညီ လှည်းကို စပြီး ဆွဲတော့တယ်။ ကျုပ်တို့ရဲ့ စွတ်ဖားလှည်းကြီးဟာလည်း ဖြေးညှင်းစွာ စတင်ရွေ့ လာတယ်။ ကျုပ်စိတ်ထဲမှာ ရီချင်သွားတယ်။ ဒီစွပ်ဖားကြီးနဲ့ စင်္ကာပူလမ်းပေါ်မှာ ဘယ်လိုလုပ် မောင်းမလဲ။ ကြည့်ရတာ ဒီမြက်ကွင်းထဲမှာပဲ လှည့်မောင်းနေမယ်နဲ့ တူပါတယ်။ စိတ်မနှံ့တဲ့ စင်တာကြီးနဲ့ ကျုပ်တော့ ဒီတစ်ညလုံး နှစ်ပါးသွားရတော့မယ်နဲ့ တူတယ်။ စင်တာကြီးကို မသိမသာ အကဲခတ်လိုက်တော့ သူ့ရဲ့ မျက်နှာဟာ တည်ကြည်နေတယ်။ ကျုပ်ကိုလည်း မေ့ထားပြီး သမင်တွေကိုသာ သူလိုချင်တဲ့ လမ်းကြောင်းအတိုင်းရအောင် ဇက်ကြိုးကို ထိန်းကျောင်းမောင်းနှင်နေတာကိုသာ တွေ့ရတယ်။
 ကျုပ်တို့ရဲ့ စွပ်ဖားလှည်းကြီးဟာ ဖြည်းဖြည်းလေးရွေ့ နေရာကနေ တဖြည်းဖြည်းအရှိန်ရလာတယ်။ အရှိန်ဟာ တဖြည်းဖြည်းကောင်းလာပြီး မြန်နှုန်းကလည်း မြင့်လာတယ်။ ကျုပ်ထင်သလို မြက်ခင်းပြင်ထဲမှာသာ ပတ်နေမယ့် ပုံမပေါ်တော့ပဲ ရှေ့ တည့်တည့်ကို တဖြောင့်တည်း တဟုန်ထိုး ပြေးသွားနေတယ်။ သမင်တွေဟာ ပြေးရင်းပြေးရင်းနဲ့ ကွင်းစပ်မှာ စိုက်ထားတဲ့ အပင်တွေနဲ့ တဖြည်းဖြည်းနီးလာတယ်။ ဘုရား။ ဘုရား။ မကြာခင်မှာ သစ်ပင်တွေနဲ့ တိုက်တော့မှာပဲလား။ ကျုပ်လည်း ကြောက်စိတ်ကြီးမားလွန်းတာကြောင့် လမ်းကြောင်းပြောင်းဖို့အတွက် ဇက်ကြိုးကို စင်တာကြီးရဲ့ လက်ထဲကနေ လုပြီး ဆွဲလိုက်တယ်။ ကျုပ်ဆွဲလိုက်ပေမဲ့ မရလိုက်ပါဘူး။ ”သွားပြီ သွားပြီ။ ငါတော့ ဒီတစ်ခါ ကိုယ်ကျိုးနည်းပြီ” လို့ ကျုပ်အောက်မေ့လိုက်တယ်။ မျက်လုံးတွေကိုလည်း ကျုပ်ရဲ့လက်တွေနဲ့ ပိတ်လိုက်တယ်။
သိပ်မကြာခင်မှာပဲ ကျုပ်တို့စီးနေတဲ့ လှည်းဟာ အပေါ်ကနေတစ်ခုခုနဲ့ ဆွဲလိုက်သလို မြောက်တက်သွားတယ်။ လေတွေကလည်း တဟူးဟူးတိုက်လာသလို ခံစားလိုက်ရတယ်။ ဘာတွေဖြစ်ကုန်ပြီလဲ ဆိုတာကို သိချင်စိတ်နဲ့ ကျုပ်ရဲ့ မျက်စိတွေကို ပိတ်ထားတဲ့ လက်ကို ဖယ်လိုက်တယ်။ အဲဒီလို ဖယ်လိုက်ပြီး ကြည့်လိုက်တာနဲ့ ကျုပ်ရဲ့ ခေါင်းမွှေးတွေ အပါအ၀င် ရှိတဲ့ မွှေးညှင်းတွေ ထောင်ထကုန်တယ်။ ကျုပ်တို့ရဲ့ စွတ်ဖားဟာ လေထဲမှာ လုံးလုံလျားလျား ရောက်နေတယ်။ အောက်ကို ငုံ့ကြည့်လိုက်တော့ စင်္ကာပူ မြို့ ကြီးကို တွေ့ နေရတယ်။ မီးရောင်တွေ ပြိုးပြိုးပျက်ပျက် နဲ့ စင်္ကာပူ မြို့ ကြီးဟာ ကြီးရာကနေ တဖြည်းဖြည်းချင်းစီ သေးသွားပြီး နောက်ဆုံးမှာ အစက်တစ်စက်ကလေးသာ မြင်ရတော့တဲ့ အထိ ကျုပ် ငေးကြောင်ကြောင်နဲ့ ကြည့်နေလိုက်တယ်။ မဖြစ်နိုင်ဘူး။ လုံးဝမဖြစ်နိုင်ဘူး။ ကျုပ် ဘိုးဘိုးစင်တာကို မယုံကြည်ခြင်းများစွာ အံ့သြခြင်းများစွာနဲ့ ကြည့်လိုက်တယ်။ အံ့သြနေတဲ့ ကျုပ်ကို သူက မသိကျိုးကျွန်ပြုပြီး သူ့ရဲ့ သမင်တွေကိုသာ စိတ်ရှည်လက်ရှည်နဲ့ ထိန်းကြောင်းမောင်းနှင်နေတယ်။
 ” ဒီမှာ စင်တာကြီး။ တောင်ပံလည်း မရှိဘူး။ အင်ဂျင်လဲ မရှိဘူး။ သမင်ခြောက်ကောင်ထဲနဲ့ ဘယ်လိုလုပ် ပျံနိုင်မှာလဲ။ ပြီးတော့ လေကြောင်းပြထိန်းသိမ်းတဲ့ စက်ကရိယာတွေလည်း မပါဘူး။ ဘယ်လိုလုပ် ကိုယ်သွားချင်တဲ့ နေရာကို သိနိုင်မှာလည်း။ မဖြစ်နိုင်ဘူး။ လုံးဝမဖြစ်နိုင်ဘူး။ ခင်ဗျား ရူးတာမဟုတ်ရင် ကျုပ်ပဲရူးတာ ဖြစ်ရလိမ့်မယ်။”
 လေယာဉ်ပြင်ဆင်ထိမ်းသိန်းရေးမှာ လုပ်ခဲ့ဘူးတဲ့ ကျုပ်က တတ်သမျှ မှတ်သမျှနဲ့ စင်တာကြီးကို အတွန့်တက်ပြောလိုက်တယ်။
 ” မောင်ရင်တို့တစ်တွေဟာ ခက်ကုန်တော့တာပဲ။ မောင်ရင်ကိုယ်တိုင် အခုလေထဲမှာ ရောက်နေတယ်။ ဘိုးဘိုးကိုယ်တိုင်လည်း သမင်ကလွဲလို့ ဘယ်အင်ဂျင်မှ မသုံးပဲ ဒီစွတ်ဖားကို မောင်းနှင်နေတာကိုလဲ မင်းအမြင်ပဲ။ ဒါနဲ့များတောင် မင်းက မဖြစ်နိုင်ဘူးလို့ ဆိုသေးတယ်။ သဘာဝ မကျလို့၊ သိပ္ပံနည်းမကျလို့ မဖြစ်နိုင်ဘူးဆိုတာတွေကို လက်ကိုင်ထားတဲ့ မင်းတို့တစ်တွေကြောင့် ခက်သေးတယ်။ မင်းတို့သိတာ ဘာရှိသေးလို့လဲ။ ဒီစကြာဝဠာကြီးအကြောင်းကို မင်းတို့သိတာ ၁% နူန်းတောင် မရှိသေးပါဘူးကွာ။ ကိုယ့်ကိုကိုယ်လဲ ဟုတ်လှပြီ မထင်နဲ့ ။ အခု ဒီကနေကြည့်စမ်း။ စင်္ကာပူ မြို့ ကြီးဆိုတာ ဘယ်အရွယ်လောက်ရှိသလဲ။ ဇီးဖြူသီးလောက်တောင် မရှိတော့ဘူးကွ။ စင်္ကာပူမြို့ ကြီးက ဒီလောက်အရွယ်ပဲရှိတယ်ဆိုရင် အဲဒီမြို့ က လူတွေဆိုတာကတော့ နှမ်းစေ့လောက်တောင်မရှိဘူး။ စင်္ကြာဝဠာကြီး တစ်ခုလုံးနဲ့ ယှဉ်လိုက်ရင်တော့များကွာ မြူမှုန်လောက်တောင် ရှိမှာ မဟုတ်ဘူး။ ဒါနဲ့များတောင် ”ငါသိတယ်။ ငါတတ်တယ်” ဆိုတဲ့ မာန်ကြီးကို ဆွဲထားချင်သေးတယ်။ ခက်တယ်၊ ခက်တယ်။ မင်းတို့ကြောင့် ခက်တယ်။”
 စင်တာကြီး ပြောတာ ဟုတ်နေတော့ ကျုပ်လဲ ငြိမ်နေလိုက်တယ်။ ဘာစကားမှ ဆက်မပြောတော့ပဲ ကောင်းကင်တခွင် မှာ ရှိနေတဲ့ ကြယ်တွေကိုသာ ကျုပ်ငေးငေးလေး ကြည့်နေမိတယ်။ ဘိုးဘိုးစင်တာကြီးဟာ သမင်တွေကို မောင်းနှင်ရင်း တစ်အောင့်လောက်ကြာတော့ သမင်ဇက်ကြိုးကို ထုံးပြီး ချိတ်တိုင်မှာ ချည်လိုက်တယ်။ ပြီးတော့မှ ကျုပ်ဘေးနားမှာ ထိုင်ချလိုက်တယ်။ သမင်တွေကတော့ သူ့သခင် ဖြစ်တဲ့ ဘိုးဘိုးစင်တာကြီးလိုရာကို သိတဲ့ ပုံစံနဲ့ ဆက်ပြီး စွတ်ဖားကြီးကို ဆွဲနေတုန်းပဲ။ လေယာဉ်ပျံမှာ Auto Pilot ခလုတ်ကို နှိပ်ထားသလိုမျိုးဖြစ်မယ်လို့ မဆီမဆိုင် ကျုပ်တွေးထင်လိုက်တယ်။ စင်တာကြီးဟာ ကျုပ်ဘေးနားမှာ ထိုင်နေရင်းနဲ့ ကောင်းကင်ကို မော့ကြည့်လိုက်တယ်။ တိမ်တွေရဲ့ အထက်မှာ ကျုပ်တို့တစ်တွေ ရောက်နေတာမို့ ကြယ်တွေကို ထင်ထင်ရှားရှား မြင်နေရတယ်။ စင်တာကြီးက ကောင်းကင်တစ်နေရာကို လက်ညှိုးထိုးပြပြီး
 ” မောင်ရင်။ ဟိုကြယ်ကြီးကို ကြည့်စမ်း”
 ကျုပ်လည်း သူညွှန်ပြရာ ကြယ်ကြီးကို ကြည့်လိုက်တော့ အရောင်တောက်ပပြီး လက်နေတဲ့ ကြယ်ကြီး တစ်လုံးကို မိုးကောင်းကင်မှာ တွေ့လိုက်ရတယ်။ နံနက်အာရုဏ်မရောက်မှီ အချိန်မှာ ဒီကြယ်ကြီးကတော့ သူတစ်ကာနဲ့ မတူအောင် ထွန်းလင်းတောက်ပနေတာကို တွေ့ ရတယ်။
 ”အဲဒါ ဘာကြယ်လဲ စင်တာကြီး”
 ” အေး ရှေးရှေးတုန်းကတော့ မောနင်းစတား လို့ခေါ်တယ်ကွဲ့။ အခုခေတ်မှာတော့ မောင်ရင်တို့လက်ထက် သိပ္ပံပညာရှင်တွေကတော့ ဗီးနပ်ဂြိုလ်ဆိုလား၊ ဘာဆိုလား ခေါ်ကြတယ်။ ဘာပဲ ဖြစ်ဖြစ်ထားပါတော့။ ဒီကြယ်ကြီးထက် အဆပေါင်းများစွာ သာလွန်တောက်ပတဲ့ ကြယ်ကြီးကို လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်ကျော်လောက်က ကောင်းကင်မှာ ထင်ထင်ရှားရှားတွေ့ခဲ့ကြတယ်။ အဲဒီကြယ်ကို ဘက်သလင်ကြယ်လို့ ခေါ်ဆိုကြတယ်။ မာဂုပညာရှင်တွေဟာ ဘက်သလင်ကြယ်ကြီးကို ကောင်းကင်မှာ အထင်အရှားတွေ့တာနဲ့ ခရီးပြင်းနှင်ခဲ့ကြပြီး ကယ်တင်ရှင်ကို အရှာအဖွေ ထွက်ခဲ့တယ်။ မျှော်လင့်တဲ့ အတိုင်းပဲ ကယ်တင်ရှင် သူငယ်တော် ယေရှုကို ကြယ်ကြီးရဲ့ လမ်းညွှန်မှုနဲ့ ရှာဖွေတွေ့ရှိခဲ့ကြတယ်။ ဒီဘက်သလင်ကြယ်ကြီးဟာ ဘုရားက ဘိုးဘိုးတို့အတွက် ကယ်တင်ရှင်တစ်ပါး ပေးအပ်မယ်လို့ ကတိက၀တ်ပြုတဲ့ ကောင်းကင်က လက္ခဏာတစ်ရပ်ပဲ။ မောင်ရင်ရဲ့ သားသမီးတွေကိုလည်း ဒီဘက်သလင်ကြယ်ကြီးအကြောင်းကို ပြောပြီး ဘုရားသခင်က သူတို့အတွက် ကယ်တင်ရှင်ခရစ်တော်ကို စေလွှတ်ခဲ့ကြောင်း ပြောပြပေါ့ကွယ်။”
 ကျုပ်လဲ ကပျာကယာ မှတ်စုစာအုပ်ကို ထုတ်လိုက်ပြီး အောက်ပါအတိုင်း မှတ်ချက် အတိုကောက် ကောက်ရေးလိုက်တယ်။
 ” ကလေးများအတွက် သင်ခန်းစာ(၁) ဘက်သလင်ကြယ် ”
 အဲဒီလို ကောက်ရေးပြီးတာနဲ့ မှတ်စုစာအုပ်ကို အိတ်ထဲမှာ ပြန်ထည့်လိုက်တယ်။ စင်တာကြီးနဲ့ ကျုပ်တို့ဟာ တစ်ယောက်နဲ့ တစ်ယောက် စကားမပြောပဲ ခပ်မဆိတ်နေလာကြပြီး ခရီးဆက်ကြတယ်။ တဖြည်းဖြည်းနဲ့ ကောင်းကင်မှာ ရောင်နီလေးတွေ ပြို့ အန်လာတယ်။ မကြာခင်မှာပဲ ကျုပ်ဘေးမှာ လမ်းတစ်လျှောက်လုံး ငြိမ်ပြီးလိုက်ပါလာတဲ့ စင်တာကြီးက ရုတ်တရက် ထရပ်လိုက်တယ်။ ဇက်ကြိုးကို ချိတ်ကနေဆွဲဖြုတ်လိုက်ပြီး သူ့လက်နဲ့ ပြန်ထိန်းလိုက်တယ်။ ကျုပ်လေယာဉ်မှာ လုပ်တုန်းက Auto Pilot ကို ဖြုတ်ပြီး Manual ပြန်ကိုင်သလိုမျိုးလားလို့တွေးမိတယ်။ ကျုပ်တို့ရဲ့ စွတ်ဖားကြီးဟာ လေထဲကနေ မြေပြင်ဆီကို တဖြည်းဖြည်းနိမ့်ဆင်းလာတယ်။ သမင်ကြီးတွေကလည်း ကဆုန်ပေါက် ပြေးလွှားနေရာကနေ တဖြည်းဖြည်းအရှိန် လျှော့ကျသွားတယ်။ စွတ်ဖားလှည်းကြီးဟာ တဖြည်းဖြည်းနိမ့်ဆင်းလာပြီး အဆုံးမှာတော့ ရေခဲတွေ ဖုံးလွှမ်းနေတဲ့ ရေခဲပြင်ကြီး နဲ့ ထိသွားတယ်။ ကျုပ်တို့ မြေပြင်ပေါ် ရောက်လာပြန်ပြီပေါ့။ မြေပြင်ပေါ်မှာ ကျုပ်တို့လှည်းကြီးဟာ အရှိန်ပြင်းစွာနဲ့ ဒရွတ်တိုက် လျှောပါသွားရင်း တဖြည်းဖြည်း အရှိန်လျှော့ကြသွားတယ်။ အဆုံးမှာတော့ သမင်ကြီးတွေဟာ ပြေးလွားနေတာကို ရပ်လိုက်တာကြောင့် ကျုပ်တို့လှည်းကြီးဟာလည်း တုန့်ကနဲ ရပ်သွားတယ်။
 ကျုပ်လဲ ဘယ်ကို ရောက်နေတာလဲ ဆိုတာကို သိချင်တာနဲ့ ဘေးဘီဝဲရာကို အကဲခတ်လိုက်တယ်။ ၀န်းကျင်တစ်ခိုလုံးဟာ နှင်းတွေကျနေတာကြောင့် သဲသဲကွဲကွဲ မမြင်ရပေမဲ့ ခရစ်စမတ်သစ်ပင်လုပ်တဲ့ ထိပ်ချွန်အောက်ကား Fir ပင်တောအုပ်ကြီးကို မလှမ်းမကမ်းမှာ လှမ်းမြင်နေရတယ်။ ရောင်နီပျို့ စအချိန်ဖြစ်တာကြောင့် တက်နေရောင်ခြည်နဲ့ တော်တော်ကလေးကို လှပနေတာကို တွေ့ ရတယ်။ ချမ်းတာကတော့ မပြောတတ်အောင်ပါပဲ။
 ”စင်တာကြီး ခင်ဗျားကျုပ်ကို ဘယ်ခေါ်လာလဲ။”
 စင်တာကြီးက ပြုံးပြီး
 ”လာလိုက်ခဲ့။ ငါတို့တွေ အောက်ဆင်းကြမယ်။”
 ကျုပ်နဲ့ စင်တာကြီးလဲ နှင်းပြင်ကြီးထဲမှာ တိုးရတော့တာပဲ။ စင်တာကြီးက သူ့မှာ အပိုပါလာတဲ့ ဘွတ်ဖိနပ်ကြီးကို ကျုပ်ကို ပေးဝတ်ထားလို့သာ တော်တော့တာပဲ။ နို့မဟုတ်ရင် ဒီရေခဲတောထဲမှာ ကျုပ်ဘယ်လိုမှ လျှောက်လို့ရမှာ မဟုတ်ဘူး။ မကြာမှီမှာပဲ ခုနက လမ်းမြင်နေတဲ့ ထိပ်ချွန်ချွန် ခရစ်စမတ် အပင် တောအုပ်ကြီးထဲကို ရောက်သွားတယ်။ ခရစ်စမတ် အပင်တစ်ပင်နားရောက်တော့ စင်တာကြီးက အကိုင်းတစ်ခုကို ချိုးလိုက်တယ်။ ပြီးတော့ ကျုပ်ကို ပြတယ်။ ကျုပ်မြင်ဖူးနေကြအတိုင်းပါပဲ မြရောင် အရွက်ကလေးတွေက အပ်ကလေးတွေလို ချွန်ချွန်ချွန်ချွန်နဲ့ ထောင်နေကြတယ်။
 ” ဒါကဘာလဲ စင်တာကြီး။ ခရစ်စမတ် အပင်များဗျာ။ ကျုပ်မြင်ဖူးပါတယ်။ ဒီလောက်ခရီး အဝေးကြီးကို ခေါ်လာပြီး ကျုပ်ကို ပြစရာမလိုပါဘူး။”
 ”အေး မင်းမြင်ဖူးတဲ့ စင်္ကာပူက ခရစ်စမတ်အပင်တွေက အတုတွေကွ။ အခုမောင်ရင် တွေ့နေရတာက အစစ်တွေကွဲ့။ ပြီးတော့ ခရစ်စမတ်သစ်ပင်တွေဟာ သဘာဝအလျှောက် ဘယ်လိုပေါက်နေကြတယ် ဆိုတာ မင်းကို မြင်ဖူးတွေ့ဖူးစေချင်လို့ ဒီကို ခေါ်လာရတာပဲ ။ ဒီ Fir လို့ ခေါ်တဲ့ အပင်တွေဟာ တစ်နှစ်ပတ်လည်လုံး စိမ်းလန်းနေတယ်။ အပ်တွေလို ပုံသဏ္ဍန်ရှိတဲ့ အရွက်တွေကလည်း အမြဲတန်း ကောင်းကင်ဘက်ကို ထောင်နေကြတယ်။ ဒီအပင်တွေဟာ တစ်နှစ်ပတ်လုံး အမြဲတမ်းစိမ်းနေသလို ဘိုးဘိုးတို့ရဲ့ စိတ်ထဲမှာလဲ သခင်ခရစ်တော်နဲ့ နောက်တဖန် ပြန်တွေ့မယ့် မျှော်လင့်ချက်တွေဟာ အမြဲတမ်းရှင်သန်နေရမယ်။ အရွက်ကလေးတွေဟာလည်း အမြဲတမ်း မိုးပေါ်ကို ထောင်နေသလို ဘိုးဘိုးတို့ရဲ့ စိတ်ကူးဟာ ကောင်းကင်နိုင်ငံအကြောင်းကို စဉ်းစားနေရမယ်။ မောင်ရင်ရဲ့ ကလေးတွေကို ဒီအကြောင်း သင်ပေးဖို့ မမေ့နဲ့။ ”
 စင်တာကြီးက ကျုပ်ကို အဲဒီလို ပြောပြီးတာနဲ့ တောအုပ်တစ်ခုလုံးကို လှည့်ပတ်ပြတယ်။ ကျုပ်မှာဖြင့် သေမလောက် မောတော့တာပဲ။ သူပြတာတွေကို အားလုံးကြည့်ရှုလို့ အပြီးမှာတော့ ကျုပ်တို့စွပ်ဖားလှည်းဆီကို ပြန်လာခဲ့ကြတယ်။ စွတ်ဖားလှည်းပေါ်ရောက်တော့ ကျုပ်က အသာထိုင်ချလိုက်ပြီး ခါးပတ်ကို ပြန်ပတ်လိုက်တယ်။ အိတ်ထဲက မှတ်စု စာအုပ်ကလေးကို ထုတ်ပြီး ”သင်ခန်းစာ(၂) - ခရစ်စမတ်သစ်ပင်” ဆိုပြီး ကလေးတွေအတွက် သင်ကြားရမယ့် ဒုတိယအချက်ကို ရေးမှတ်လိုက်တယ်။ စင်တာကြီးကလည်း လေယာဉ်မှူး ပိုင်လော့ကြီးလို သူ့ရဲ့ သမင်တွေကို မောင်းလိုက်ပြန်တယ်။ သမင်တွေဟာ အားကောင်းတာကြောင့် မကြာမှီမှာပဲ အရှိန်ရလာပြီး လေထဲကို မြှောက်ပြီး ပြန်တက်သွားတော့တယ်။ ဒီတစ်ခါတော့ ကျုပ်ဟာ ပထမအခါတုန်းကလို အံ့သြနေတာတွေ ထိတ်လန့်တာတွေ မရှိတော့ပါဘူး။ ကျုပ်အတွက် သာမန်ဖြစ်စဉ်လို နေသားကျသွားပါပြီ။
 
နံနက်ခင်းဟာ တဖြည်းဖြည်း လင်းလက်လာပါပြီ။ လေထဲမှာ ပျံဝဲလို့ အချိန်အတော်ကြာတော့ ကျုပ်တို့ ရဲ့ စွတ်ဖားလှည်းကြီးဟာ အောက်ဆင်းသွားပြန်တယ်။ ကြည့်ရတာ နောက်တစ်နေရာကို ရောက်တော့မယ်ထင်ပါရဲ့။ စင်တာကြီးက မြေပြင်ပေါ်ကို ညှင်ညှင်သာသာ ဆင်းသက်ဖို့ သူ့ရဲ့ သမင်တွေကို ကျွမ်းကျွမ်းကျင်ကျင် ဇက်ကို ထိန်းကျောင်းနေတယ်။ မကြာခင်မှာပဲ စမ်းလမ်းစိုပြေနေတဲ့ ကွင်းပြင်ထဲမှာ ကျုပ်တို့ရဲ့ စွတ်ဖားကြီးဟာ ဆိုက်ရောက်သွားပါတော့တယ်။ စွတ်ဖားကြီးပေါ်က ကျုပ်တို့ နှစ်ဦးသား ဆင်းပြီး ကြည့်လိုက်တဲ့ အခါမှာ မလှမ်းမကမ်းမှာ သိုးတွေကို ကျောင်းနေတဲ့ သိုးကျောင်းသားနဲ့ သိုးတစ်အုပ်ကို တွေ့လိုက်ရပါတယ်။ သိုးကျောင်းသားကြီးက လက်ထဲမှာ ရကောက်သဏ္ဍန် တုတ်တစ်ချောင်းကို ကိုင်ထားပြီးသိုးတွေကို ကြည့်ရှုနေတာ တွေ့ရတယ်။
 ”စင်တာကြီး။ ဒီနေရာက တော်တော်သာယာတာပဲနော်။ ခင်ဗျားကျုပ်ကို ဒီခေါ်လာတာ ဒီသိုးကျောင်းသားကို ပြမလို့လား။”
 ”အေးကွ။ သိုးတွေကို ဘယ်လိုကျောင်းတယ်ဆိုတာ မင်းတို့လို မြို့ ကြီးသားတွေ မမြင်ဘူးလို့ လာပြတာကွ။ မောင်ရင် သိုးထိန်းကိုင်ထားတဲ့ တုတ်ကောက်ကို တွေ့တယ် မဟုတ်လား။ အဲဒီ တုတ်ကောက်ကို သိုးကျောင်းသားတွေက ခက်ခဲတဲ့ နေရာကို ခြေလျင်သွားတဲ့အခါ အထောက်အမ အဖြစ်အသုံးပြုတယ်။ ပြီးတော့.....”
 စင်တာကြီးရဲ့ စကားမဆုံးခင်မှာ သိုးတစ်ကောင်ဟာ လမ်းမယူပဲ သိုးအုပ်ထဲကနေ ထွက်သွားတာကို သိုးထိန်းက နောက်ကနေ အပြေးလိုက်သွားတာကို တွေ့ရတယ်။ သိုးထိန်းက လမ်းလွဲသွားတဲ့သိုးကို နောက်ကနေ သိုးထိန်းတုတ်ကောက်နဲ့ လည်ပင်းကို ချိတ်ဆွဲ ခေါ်ယူလာပြီး သိုးအုပ်ထဲကို ပြန်ခေါ်လာတာကို ကျုပ်တို့ မြင်လိုက်ရတယ်။ အဲဒီအချိန်မှာပဲ စင်တာကြီးက
 ” အေး ပြီးတော့။ သိုးထိန်းတွေဟာ သူတို့ရဲ့ တုတ်ကောက်ကို လမ်းလွဲသွားတဲ့၊ လမ်းမယူတဲ့ သိုးတွေကို ပြန်ဆွဲယူဖို့ လည်း အသုံးပြုတတ်ကြတယ်။ ဒီသိုးထိန်းတဲ့ တုတ်ကောက်ဟာ ဘိုးဘိုးတို့ ခရစ်ယာန်တွေ တစ်ယောက်နဲ့ တစ်ယောက်လမ်းလွဲသွားရင် ထိန်းကျောင်းဖို့ သတိပေးနေသလိုပဲ။ မောင်ရင်ရဲ့ ကလေးတွေကို ဒါကို အခြေပြုပြီး လမ်းမလွဲ သွားအောင် တစ်ယောက်နဲ့ တစ်ယောက် ထိမ်းသိမ်းဖို့လိုကြောင်း ဆုံးမပေတော့။”
 ကျုပ်လည်း အိတ်ထဲက မှတ်စုစာအုပ်ကို တဖန် ထုတ်လိုက်ပြန်ပြီး ” သင်ခန်းစာ(၃) - သိုးထိန်းတုတ်ကောက် ” ဆိုပြီး ရေးမှတ်လိုက်တယ်။ စင်တာကြီးနဲ့ ကျုပ်တို့ တစ်တွေဟာ မြက်ကွင်းပြင် တစ်လျှောက် ဖြတ်တိုက်လာတဲ့ သန့်ရှင်းလတ်ဆပ်တဲ့ နံနက်ခင်းလေကို ရှုရိုက်လိုက်ပြီး သာယာတဲ့ ကောင်းကင်ပြင်ကြီးနဲ့ လောကတစ်ခွင်ကို ကြည်နူးစွာ ခံစားလိုက်တယ်။ မကြာခင်မှပဲ သိုးထိန်းကြီးဟာ သူ့ရဲ့ သိုးတွေကို ရေတွက်နေတာ တွေ့ရတယ်။ သူ့သိုးအရေအတွက်ဟာ ပြည့်ဟန်မတူဘူး။ သူဟာ သူ့သိုးတွေကို အခေါက်အခါခါ ရေတွက်နေပြန်တယ်။ သေချာပါပြီ သူ့သိုးတစ်ကောင်ကောင် ပျောက်နေပါပြီ။ ကျုပ်တို့တစ်တွေ ဒီသိုးကျောင်းသား ဘာလုပ်မလဲဆိုတာ စောင့်ကြည့်နေလိုက်တယ်။ သိုးကျောင်းသားဟာ နားကို လက်နဲ့ အုပ်ပြီး နားစွင့်လိုက်တာကို တွေ့လိုက်ရတဲ့။ အဲဒီအခါ လေအသင့်မှာ သိုးလည်ပင်းမှာ ဆွဲထားတဲ့ ခေါင်းလောင်းသံကို ကြားလိုက်ရတယ်။ အဲဒီအသံကြားရာဆီကို သိုးထိန်းကြီး အပြေးလိုက်သွားတယ်။ ခဏနေအကြာမှာတော့ သိုးထိန်းကြီးဟာ ကွယ်နေတဲ့ တောင်ကုန်းကလေးကနေ ပျောက်နေတဲ့သိုးကို ပြန်ဆွဲယူပြီး ခေါ်လာတာကို တွေ့လိုက်ရတယ်။ စင်တာကြီးက ကျုပ်ဖက်ကို လှည့်ပြီး
 ”ကဲ မောင်ရင်ရေ့။ နောက်တစ်ချက် မှတ်ထားလိုက်အုံး။ သိုးခလောက်လို့။ ခလောက်သံကြောင့် သိုးတွေဟာ မပျောက်နိုင်သလို ဘိုးဘိုးတို့ လူသားတွေလဲ ဘုရားရှေ့ ကနေ မပျောက်ဖို့လိုတယ်။ ဒီသိုးခလောက်လေးဟာ သခင့်ထံ ပြန်ရောက်ဖို့ အသုံးဝင်တဲ့ အတွက်ကြောင့် သိုးခလောက်ကို ကြည့်ခြင်းအားဖြင့် သခင့်ထံပြန်လာဖို့၊ လမ်းမှန်ကို ပြန်ရောက်ဖို့ သတိပေးနေသလိုပါပဲ။ မောင်ရင့်သားသမီးတွေကို ဒီခလောက်ကလေးကို ပြပြီး သင်ကြားလိုက်ပါဦးကွယ်။”
 ကျုပ်လဲ အိတ်ထဲက မှတ်စုကြီးကို ထုတ်ပြီး ”သင်ခန်းစာ(၄) - သိုးခလောက်” လို့ ရေးမှတ်လိုက်တယ်။ ခဏနေကြာတော့ စင်တာကြီးက ”မောင်ရင်။ မင်းကို ပြစရာတွေ အများကြီးကျန်သေးတယ်။ လာ ဘိုးဘိုးတို့ ခရီးဆက်ကြမယ်။” ဆိုပြီး စွတ်ဖားကြီးဆီ ပြန်လာခဲ့ကြတယ်။ နောက်တစ်ဖန် ကျုပ်တို့တစ်တွေ လေထဲကို ရောက်သွားပြန်တယ်။ ဒီတစ်ခေါက်လည်း သိပ်မကြာလိုက်ပြန်ပါဘူး။ နောက်တစ်ကြိမ် မြေပေါ်ကို ဆင်းသက်ခဲ့ပြန်တယ်။ စွတ်ဖားထဲကနေထွက်ပြီး အနီးအနားကြည့်လိုက်တော့ ဆယ်ကျော်သက်အရွယ် ကလေးတစ်သိုက်ကို တွေ့လိုက်ရတယ်။ သူတို့တစ်တွေဟာ ချုံပုတ်လောက်သာသာရှိတဲ့ အပင်တစ်ပင်ကနေ အရွက်တွေနဲ့ အသီးတွေကို ခူးနေတယ်။ အရွက်တွေရဲ့ အနားသားတွေက ခပ်ချွန်ချွန်သဏ္ဍန်လေးတွေရှိနေပြီး အသီးလေးတွေကတော့ သွေးတွေလို နီရဲနေတယ်။ ကျုပ်လဲ သူတို့တစ်တွေ ဘာလုပ်နေမှန်းမသိတာနဲ့ စင်တာကြီးကို မေးလိုက်တယ်။
  ”စင်တာကြီး သူတို့ ဘာဖြစ်လို့ ဒီအပင်က အရွက်တွေကို ခူးနေရတာလဲ။”
 ”ဒီအပင်ကို Holly ပင်လို့ခေါ်တယ်။ မောင်ရင်တို့ ဗမာပြည်မှာ မပေါက်ဘူးနဲ့ တူတယ်။ ဘိုးဘိုးလည်း ဗမာလို မခေါ်တတ်ဘူး။ သူ့အရွက်တွေက အနားသားတွေမှာ ချွန်ချွန်လေးတွေ ထွက်နေတယ်။ ခရစ်တော်ရဲ့ ဆူးရစ်သရဖူကို ဒီအပင်နဲ့ လုပ်တယ်လို့ ဆိုကြတယ်။ သူ့အသီးတွေကလည်း သွေးလို နီရဲနေတယ်။ ခရစ်တော် ကိုယ်ခန္ဓာက ထွက်ခဲ့တဲ့ အသွေးတွေလိုပဲ။ ဒီအရွက်၊ ဒီအသီးပါတဲ့ အပင်ဟာ ဘိုးဘိုးတို့တစ်တွေကို ခရစ်တော်ရဲ့ သေခြင်းကို အောင်နိုင်ခဲ့ခြင်း အဖြစ်ကို သတိရစေတယ်။ မောင်ရင်ရဲ့ ကလေးတွေကို ဒီအပင်ကို ပြပြီး၊ ခရစ်တော်အားဖြင့် ထာဝရ အသက်ရနိုင်ကြောင်း ရှင်းပြပေတော့။”
 စင်တာကြီးက အဲဒီလို ဆိုအပြီးမှာတော့ ကျုပ်လဲ အိတ်ထဲက မှတ်စုကို တဖန် ထုတ်လိုက် ပြန်ပြီး ” သင်ခန်းစာ(၅) - Holly ပင်” ဆိုပြီး ရေးမှတ်လိုက်တယ်။ မကြာခင်မှာပဲ ကလေးတစ်သိုက်ဟာ သစ်ရွက်သစ်ခက်တွေကိုပိုက်ပြီး အိမ်ကြီးတစ်အိမ် ထဲကို ပြေးဝင်သွားတာကို တွေ့လိုက်ရတယ်။ စင်တာကြီးက လက်ညှိုးကို ထောင်ပြပြီး ကလေးတွေနောက် အိမ်ကြီးထဲကို လိုက်ဖို့ လက်ဟန် ခြေဟန် နဲ့ ပြပြန်တယ်။ အိမ်ကြီးနားကို နှစ်ယောက်သား အသာကလေးကပ်ပြီး အထဲကို ကြည့်လိုက်တော့ ကလေးတစ်သိုက်ဟာ ခုနက ခူးလာတဲ့ အရွက်တွေ အသီးတွေနဲ့ ခပ်ဝိုင်းဝိုင်း ပန်းခွေလေးတွေကို တစ်ပျော်တစ်ပါးလုပ်နေတာကို တွေ့လိုက်ရတယ်။
 ” မောင်ရင်။ ကလေးတွေ လုပ်နေတဲ့ အဲဒီပန်းခွေလေးတွေဟာ အဓိပ္ပါယ်အများကြီး ရှိတယ်။ ၀ိုင်းဝန်းနေတဲ့ ပန်းခွေတွေရဲ့ စက်ဝိုင်းသဏ္ဍန်ဆိုတာ ဘယ်တော့မှ မဆုံးဘူး။ အဲဒီလိုပဲ ခရစ်တော်ရဲ့ မေတ္တာဟာလည်း ဘယ်တော့မှ ဆုံးတယ်လို့ကို မရှိပါဘူး။ မောင်ရင့်ရဲ့ ကလေးတွေကိုလည်း ခရစ်တော်ရဲ့ အဆုံးမရှိတဲ့ မေတ္တာအကြောင်းနဲ့ ခရစ်တော်ရဲ့ မေတ္တာလို အချင်းချင်းအပေါ် ထားနိုင်ကြဖို့ ဒီပန်းခွေလေးတွေ ပြပြီး ဆုံးမဖို့လိုတယ်။”
 
ကြည့်နေတဲ့ ကလေးတစ်သိုက် ပန်းခွေတွေကို လုပ်လို့ အပြီးမှာတော့ ခရစ်မစမတ် အပင်ကြီးဆီမှာ အလျှိုလျှိုသွားချိတ်လိုက်တာကို ကျုပ်တို့ တွေ့လိုက်ရတယ်။ ကျုပ်တို့တွေဆီကိုလည်း ခလေးတွေရဲ့ အပျော်ကကူးစက်လာတယ်။ ကျုပ်ကလေးတွေကို ကြည့်လို့ အားရနေတုန်း စင်တာကြီးက ကျုပ်ကို လက်တို့ ပြီ လစ်ကြမယ်ဆိုတဲ့ သတိပေးချက်နဲ့ အိမ်ကြီးဆီကနေ ခွာလာခဲ့တယ်။ ကျုပ်တို့ရဲ့ စီးတော်ယာဉ် စွပ်ဖားစီကို ပြန်အရောက်မှာတော့
 ” မောင်ရင် မောနေပြီလား။ ဘိုးဘိုး ပြစရာ မကုန်သေးဘူး”
 ”မမောပါဘူး စင်တာကြီးရာ။ ကျုပ်က ပျော်တောင် ပျော်သေးတယ်။ ခုနက ကလေးတွေကို ကြည့်ရတာ ကျုပ်အရမ်း ပျော်တာပဲ။ ကဲ စင်တာကြီး ပြစရာ ကျန်သေးတယ် ဆိုရင်လဲ ဆက်ပြီး ကြွပေဦးတော့။”
 ”ဟား။ ဟား။ဟား”
 ဆိုပြီးတော့ စင်တာကြီးက နောက်ခရီး တစ်ခါထွက်ဖို့ ပြင်ပြန်တယ်။ ”ဟိုး။ဟိုး။ဟိုး” လို့ ဗိုလ်လို ရီနေကျ စင်တာကြီးဟာ ဒီတစ်ခါတော့ ”ဟား။ဟား။ဟား” ဆိုပြီး ဗမာလို အသံထွက် ပြောင်းရီလိုက်တာကိုတော့ သတိထားမိ လိုက်ပါရဲ့။ ကျုပ်လဲ အိတ်ထဲက မှတ်စုစာအုပ်ကလေးကို ထုတ်ပြီး ”သင်ခန်းစာ(၆) - ပန်းခွေ” ဆိုပြီး မှတ်ထားလိုက်ပြန်တယ်။ မကြာခင်မှာပဲ စွပ်ဖားလှည်းပေါ်ကို ကျုပ်တို့ တက်လိုက်ပြန်ပါတယ်။ သမင်တွေကို စင်တာကြီးက ဟန့်လိုက်တာကြောင့် သူတို့စတင်ပြီး ရုန်းကန်ပြန်ပါတယ်။ အားကောင်းမောင်းသန်တုန်းဖြစ်တဲ့ သမင်တွေဟာ အရှိန်ရလာတဲ့ အခါမှာ လေထဲကို စွေ့ကနဲခုန်တက်လိုက်ပြန်တယ်။ တပြိုင်တည်းမှာပဲ ကျုပ်တို့ရဲ့ စွတ်ဖားလှည်းကလေးဟာ လေထဲမှာ မြောက်တက်သွားပြန်တယ်။ သမင်တွေဟာ ကောင်းကင်ထက်ကို တဖြည်းဖြည်းမြင့်တက် ရုန်းကန်နေတာကို ကျုပ်ကြည့်နေမိလိုက်တယ်။ ဒီလောက်တောင် ခရီးဝေးသွားနေရပေမဲ့ သမင်တွေဟာ မောဟန် မပြန်ဘူး။ သန်တုန်းမြန်တုန်းပဲ။ ကျုပ်တို့ရဲ့ လှည်းကိုလည်း ၀ါဂွမ်းကလေးပမာ ပေါ့ပါးစွာ ရှေ့ ကနေဆွဲသွားနေတယ်။ စည်းချက်မှန်မှန် ပြေးနေတဲ့ သူတို့ရဲ့ ခြေအကြွနဲ့ ခြေအကျတွေကို ကျုပ်အရသာရှိရှိ ကြည့်ရှုနေလိုက်တယ်။ ရှေ့ ကိုသာ ကြည့်နေခဲ့တဲ့ ကျုပ်ဟာ သတိရပြီး နောက်ကိုလှည့်ကြည့်မိလိုက်တယ်။
 ”ဟာ”
 ကျုပ်ဟာ လန့်သွားတာကြောင့် ဘေးမှာ ရှိနေတဲ့ စင်တာကြီးကို လှမ်းကိုင်လိုက်တယ်။ ကျုပ်ရဲ့ နောက်မှာ ရောင်ဝါတွေတောက်နေတဲ့ အတောင်ပံပါတဲ့ လူရိပ်သဏ္ဍန် အရာတစ်ခုဟာ ကျုပ်တို့ရဲ့ လှည်းနောက်မှာ ထပ်ကြပ်မခွာ လိုက်နေတာကို တွေ့ လိုက်ရတယ်။
 ”စင်တာကြီး။ ကျုပ်တို့ နောက်မှာ လိုက်လာနေတာ ဘာကြီးလဲ။”
 ” မင်းက အခုမှ မြင်တာလား။ ”သတိမမူ ဂူမမြင်” ဆိုတာ တယ်လဲ မှန်တာကိုး။ အဲဒါ ကောင်းကင်တမန်ကွဲ့ ။ ဘိုးဘိုး နဲ့ ခရီးသွားတိုင်း အမြဲ လိုက်စောင့်ရှောက်ပေးတယ်။ အခုမင်းနဲ့ သွားတဲ့ ကောင်းကင်ခရီးစဉ်တစ်လျှောက်လုံးလည်း လိုက်ပါစောင့်ရှောက်တာ မင်းမှ မသိပဲ။ ခရစ်တော် ဖွားမြင်တုန်းကလဲ ကောင်းကင်တမန်တွေဟာ ၀မ်းမြောက်စွာ နဲ့ သီချင်းဆိုပြီး ကြိုဆိုကြတယ်။ လူတွေကိုလည်း ခရစ်တော်ဖွားမြင်တဲ့အကြောင်း အသိပေးပြောကြားကြတယ်။ အဲဒီအကြောင်းကို မောင်ရင့် ကလေးတွေကို ပြောပြပေါ့ကွယ်။”
 ” ဟုတ်ကဲ့ ပါ စင်တာကြီး။”
 ကောင်းကင်တမန်ဆိုတာ ကြားသာကြားဖူးပြီး မမြင်ဘူးတဲ့ကျုပ်ဟာ နောက်ကို လှည့်ကြည့်လှည့်ကြည့်နဲ့ အံသြခြင်းမက အံ့သြနေတယ်။ ကောင်းကင်တမန်ဟာ အရမ်းကို ကျက်သရေရှိပြီး ခန့်ငြားတာကို ကျုပ်ရင်သပ်ရှုမော ကြည့်နေလိုက်တယ်။ သတိရလို့ ကျုပ်လဲ မှတ်စု စာအုပ်ကို ထုတ်လိုက်ပြီး ”သင်ခန်းစာ(၇)- ကောင်းကင်တမန်” လို့ ကျုပ်ရေးမှတ်လိုက်ပြန်တယ်။ အဲဒီလိုရေးမှတ်ပြီးတဲ့ အချိန်မှာပဲ ကျုပ်တို့စွပ်ဖားလည်းကြီးဟာ အောက်ကို နိမ့်စင်းသွားပါတော့တယ်။စင်တာကြီး နောက်တစ်နေရာကို ကျုပ်ကို ခေါ်လာပြန်ပြီပေါ့။ ကျုပ်တို့ဟာ ပန်းခြံကလေးတစ်ခုထဲမှာ ဆိုက်ရောက်သွားတယ်။ စင်တာကြီးက လှည်းပေါ်က ဆင်းပြီး သူနောက်လိုက်ဖို့ရန် ပြောတယ်။ ကျုပ်လဲ သူ့နောက်ကို လိုက်သွားတော့ လူတွေစည်ကားလွန်းလှတဲ့ ဘုရားကျောင်းတစ်ခု ဆီကို ဦးတည်သွားနေတာ သတိထားမိတယ်။ ”ငါ့တို့ ဒီမှာ ၀တ်ပြုကြမယ်ဟေ့။ ” ဆိုပြီး ကျုပ်ကို လှမ်းပြောတယ်။ စင်တာကြီးဟာ လူအုပ်ကြီးထဲမှာ တိုးဝှေ့လိုက်ပြီး ဘုရားကျောင်းထဲကို ၀င်ဖို့ ရုန်းကန်သွားနေတယ်။ တချို့ ကလေးတွေက ”ဟိုမှာ စင်တာကလော့” ဆိုပြီး လိုက်လံဆွဲတာကို ရှောင်ရှားပြီး စင်တာကြီးနဲ့ ကျုပ်ဟာ လူအုပ်ကြားထဲကနေ ဘုရားကျောင်းထဲကို ရောက်သွားတယ်။
 ကျုပ်တို့ ရောက်နေတဲ့ ဘုရားကျောင်းဟာ တော်တော်ကို ကြီးမားပြီး ခန်းနားထည်ဝါလှတာကို ကျုပ်တွေ့လိုက်ရတယ်။ အမိုးမျက်နှာကျက်တွေမှာလည်း အဆင့်မြင့်တဲ့ပန်းချီလက်ရာများနဲ့ လှပစွာ ချယ်မှုန်းထားတာကို တွေ့ရတယ်။ ဘုရားကျောင်းတစ်ခုလုံးကလည်း ခရစ်စမတ်နေမို့လို့ ၀တ်ပြုသူတွေနဲ့ စည်ကားနေတယ်။ ဘုရားကျောင်းရဲ့ ရှေ့ တစ်နေရာမှာတော့ ဖယောင်းတိုင်တွေကို တပြင်လုံး ထွန်းလင်းထားတာကို တွေ့ရတယ်။ ဖယောင်းတိုင်တွေဟာ ပုံစံမျိုးစုံ၊ အရွယ်မျိုးစုံ နဲ့ မြောက်များစွာ တညီးညီးတောက်လောက်နေတာကို တွေ့ရတယ်။ ကျုပ်ရဲ့ ဘ၀မှာ ဒီတစ်ခါပဲ ဒီလောက်များတဲ့ ဖယောင်းတိုင် ထွန်းညှိတာကို တွေ့ဖူးတယ်။
 ”မောင်ရင် ဖယောင်းတိုင်တွေ တွေ့တယ် မဟုတ်လား။ ဒီဖယောင်းတိုင်တွေဟာ အမှောင်ကိုခွင်းပြီး အလင်းကိုဆောင်သလို ခရစ်တော်ကလည်း ဒီလောကအမှောင်ထဲမှာ အလင်းရဖို့ မွေးဖွားခဲ့တဲ့အကြောင်း မင်းရဲ့ ကလေးတွေကို ပြောပြလိုက်အုံး”
 စင်တာကြီးက တိုးတိုးလေး ကျုပ်ကို ပြောတယ်။ ကျုပ်လဲ မှတ်စုစာအုပ်ကလေးကို ထုတ်ပြီး ”သင်ခန်းစာ(၈) - ဖယောင်းတိုင် ” ဆိုပြီး ရေးမှတ်လိုက်ပြန်တယ်။ ၀တ်ပြုအစည်းအဝေးပွဲ စတင်လို့ များမကြာမီမှာ တရားဒေသနာ ဝေငှတယ်။ နားထောင်ရတဲ့ တရားဒေသနာဟာ ခွန်အားရဖွယ်ရာပါပဲ။ ပြီးတော့ ခရစ်စမတ် သီချင်းတွေကို ဆိုကြပြန်တယ်။ ကြီးမားတဲ့ လူအုပ်ကြီးနဲ့ ဆိုရတာဆိုတော့ ကြက်သီးမွှေးညှင်းတွေ တဖြန်းဖြန်းထလောက်အောင် ၀မ်းမြောက်စရာ ကောင်းလှပါတယ်။ ကျုပ်နဲ့ စင်တာကြီးဟာ ခရစ်စမတ်နေ့ ၀တ်ပြုစည်းဝေးပွဲကို အဆုံးအထိ နေလိုက်ကြတယ်။ ၀တ်ပြုစည်းဝေးပွဲ အပြီးမှာတော့ လူအုပ်ကြီးနဲ့ အတူ ဘုရားကျောင်းထဲက ထွက်ခဲ့ပြီး စွတ်ဖားလှည်းကလေးရှိရာကို လူမသိအောင် တိတ်တဆိတ် ပြန်လာခဲ့ကြတယ်။ ပြီးတော့ ကျုပ်တို့တစ်တွေ စွတ်ဖားကြီးနဲ့ လေထဲကို ပြန်တက်ကြပြန်တယ်။ ကျုပ်တို့ အဲဒီလို ပျံတက်သွားတာကို ဘယ်သူကမှ သတိပြုမိပုံ မရဘူး။ လေထဲမှာ ရောက်လို့ နေသားကြတဲ့အခါ ကျုပ်က စင်တာကြီးကို မေးလိုက်တယ်။
 ”စင်တာကြီး။ နောက်ဘယ်ကို သွားအုံးမှာလဲ။ ကျုပ်အိမ်ပြန်ချင်ပြီ။ အိမ်မှာ ဇနီးသည်နဲ့ ကလေးတွေက ကျုပ်ကို မတွေ့ရင် စိတ်ပူနေကြလိမ့်မယ်”
 ”အေးပါကွ။ မင်းကို အခုအိမ်ကို ပြန်ပို့နေတာပါ။ ဒါပေမဲ့ မင်းအတွက် သင်ခန်းစာကျန်သေးတယ်။”
 ”ကဲ ဒါဆိုလဲ ပြောဗျာ။ ဘာသင်ခန်းစာလဲ။ ကျုပ် ပြန်ချင်လှပြီ”
 စင်တာကြီးဟာ သူ့ရဲ့ လက်ဆောင်တွေ ထည့်ထားတဲ့ အိတ်ကို ထုတ်လိုက်ပြီး လက်ဆောင်တချို့ ကို ထုတ်လိုက်တယ်။
 ”ရော့။ ဒီလက်ဆောင်လေးတွေဟာ မင်းရဲ့ ကလေးတွေ အတွက် လက်ဆောင်တွေ။ ဒီလက်ဆောင်လေးတွေ မပေးခင်မှာ မင်းရဲ့ကလေးတွေကို ဒီလို ပြောပြီး သင်ပေးဦး မောင်ရင်။ ဘုရားဟာ ဘိုးဘိုးတို့ကို ချစ်တဲ့အတွက် တစ်ပါးတည်းသော သားတော်ကို စေလွှတ်တဲ့အကြောင်း မောင်ရင့်ကလေးတွေကို နားလည်အောင် ပြောပြပေါ့ကွယ်။ ခရစ်တော်ဟာ ဘုရားကနေ ဘိုးဘိုးတို့ကို ပေးတဲ့ အဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်ပဲ။ ပြီးတော့ မာဂု ပညာရှိတွေကလည်း သူငယ်တော်ယေရှုကို ရွှေ၊မုရန်၊လောဗန် ဆိုတဲ့ လက်ဆောင်များနဲ့ ပူဇော်ခဲ့ကြတယ်။ အဲဒီလို ပူဇော်တဲ့ စိတ်ထားမျိုး ရှိဖို့ကိုလည်း ဒီလက်ဆောင်လေးတွေကို မပေးခင် နားလည်အောင်ပြောပြီး ဆုံးမပေါ့ကွယ်။”
 ”ဟုတ်ကဲ့ပါ စင်တာကြီး။”
 ဆိုပြီး ကျုပ်ရဲ့ မှတ်စုထဲမှာ ”သင်ခန်းစာ(၉) - လက်ဆောင်” ဆိုပြီး ရေးမှတ်လိုက်ပြန်တယ်။ အဲဒီလိုရေးမှတ်အပြီးမှာ သတိရလို့ နောက်ပြန်လှည့်ကြည့်လိုက်တော့ ကျုပ်တို့ကို လိုက်ပါ စောင့်ရှောက်နေတဲ့ ကောင်းကင်တမန်ကြီးကို မတွေ့ရတော့ဘူး။ ကျုပ်ရဲ့ ခရီးလမ်းဆုံးလို့ ပြန်သွားတာများလားလို့ ကျုပ်တွေးထင်လိုက်တယ်။
 ” ဒီမှာ မောင်ရင်။ နောက်ဆုံးတစ်ချက် ပြောမယ်။ မင်းရဲ့ကလေးတွေကို ဘိုးဘိုးကိုသာ အဓိကမထားဖို့ သင်ကြားပေးပါ ။ ခရစ်စမတ်ရောက်တိုင်း ကလေးတွေဟာ ဘိုးဘိုးကိုသာ မျှော်နေမယ့်အစား ယေရှုခရစ်တော်ကိုသာ အဓိကထား ကြိုဆိုဖို့ လိုကြောင်းသင်ကြားပေးပါ။ စင်တာကလော့(စ်)ဆိုတာဟာလည်း ခရစ်တော်ရဲ့ အစေခံ တစ်ယောက်ဖြစ်ကြောင်းနဲ့ ခရစ်တော်ကိုသာ ပြပ်ဝပ်ကိုးကွယ်သူ ဖြစ်ကြောင်းကို လည်း သင်ကြားပေးဖို့ရန်လည်းပဲ မမေ့ပါနဲ့ကွယ်။”
”ကောင်းပါပြီ စင်တာကြီး။”
ကျုပ်နောက်ဆုံးအချက်ကို မှတ်စုထဲမှာ ရေးမှတ်လိုက်ပြန်တယ်။ ”သင်ခန်းစာ(၁၀) - စင်တာကလော့(စ်)” လို့ ရေးမှတ်လိုအပြီးမှာတော့ ကျုပ်တို့ စီးတဲ့ စွတ်ဖားလှည်းဟာ စင်္ကာပူ မြို့ ရဲ့ အထက်ကောင်းကင်ယံမှာ ရောက်နေတာကို တွေ့ လိုက်ရတယ်။ ကျုပ်ဟာ တစ်ညနဲ့တစ်မနက်လုံးလုံး စင်တာကြီးနဲ့ ခရီးသွားပြီးတဲ့နောက် မိသားစုကို ပြန်တွေ့ရမှာမို့ ပျော်သွားတယ်။ အိမ်ကို မြန်မြန်ရောက်ချင်တဲ့ ဇောကပ်နေတဲ့ အချိန်မှာပဲ ရုတ်တရက် လေပြင်းတချက်ဝှေ့ လိုက်တာကြောင့် ကျုပ်ဟာ ခန္ဓာကို မထိမ်းနိုင်ပဲ ယိုင်ထိုးသွားတယ်။ ကျုပ်ကို ထိမ်းထားတဲ့ ခါးပတ်ဟာလည်း မထင်မှတ်ပဲ ပြတ်ထွက်သွားပြီး ကျုပ်ရဲ့ ခန္ဓာကြီးဟာ လှည်းထဲကနေ ဒလိမ့်ကောက်ကွေး ထွက်ကြသွားတယ်။ စင်တာကြီးဟာ သတိရှိနေတာကြောင့် ကျုပ်ရဲ့ လက်ကို ဖမ်းဆွဲလိုက်တယ်။ ကျုပ်ရဲ့ လက်ကို စင်တာကြီးက ဖမ်းဆွဲမိပြီး ကျုပ်ဟာ လေထဲမှာ ဟီးလေးခို တွဲလွဲကြီးဖြစ်နေတယ်။
”ကျုပ်ကို ဆွဲတင်ပေးပါဗျ စင်တာကြီးရယ်။”
စင်တာကြီးက သူမှာ ရှိတဲ့အားအင်ကို အကုန်အသုံးချပေမဲ့လည်း ပြင်းလွန်းလှတဲ့ လေအရှိန်ကြောင့် ကျုပ်ကို လှည်းပေါ်ဆွဲမတင်နိုင်တော့ဘူး။ စင်တာကြီးမျက်နှာဟာ နီမြန်းနေပြီး အားကုန်ကြိုးစား ဆွဲပြန်တယ်။ ဘယ်လိုဆွဲဆွဲ ကျုပ်ရဲ့ ခန္ဓာကြီးကို လှည်းပေါ်ပြန်ရောက်အောင် ဆွဲတင်ဖို့ မအောင်မြင်ပါဘူး။ ကြာလာတော့ စင်တာကြီးကော ကျုပ်ကော လက်အံသေလာတယ်။ ကျုပ်ရဲ့ နဖူးမှာ ချွေးစီးတွေ ထွက်လာတယ်။ ကျုပ်မသေချင်သေးဘူး။ ကျုပ်မသေချင်သေးဘူး။ ကျုပ်အကြောက်အကန်နဲ့ လှည်းပေါ်ပြန်တက်ဖို့ ကြိုးစားပေမဲ့လည်း ကျုပ်လက်ဟာ စင်တာကြီး ဆွဲနေတဲ့ကြားက လွတ်ထွက်သွားပြီး ကျုပ်ဟာ လေထဲမှာ အရုပ်ကြိုးပြတ် ကျဆင်းသွားပါတော့တယ်။ ကျုပ်ရဲ့ ခန္ဓာကြီးဟာ အရှိန်ပြင်းစွာနဲ့ မြေပြင်ဆီကို ဦးတည်ကျဆင်းသွားတယ်။ တရိပ်ရိပ်နဲ့ မြေပြင်ကြီးဟာ ကျုပ်နဲ့ နီးကပ်လာတယ်။ အဆုံးမှာတော့ ကျုပ်ဟာ မြေပြင်ကို အရှိန်ပြင်းစွာ နဲ့ ရိုက်ခတ်သွားပါတော့တယ်။
”အား”
ကျုပ် အသံနက်ကြီးနဲ့ အားကုန်အော်လိုက်တယ်။ သားလေး၊ သမီးလေး နဲ့ ဇနီးသည်ရဲ့ မျက်နှာတွေဟာ ကျုပ်ရဲ့ အာရုံမှာ နောက်ဆုံးပေါ်ထွက်လာပြီး ကျုပ်ဟာ သတိမေ့သွားတယ်။
” ယောက်ျား။ ဘာဖြစ်နေတာလဲ”
”ပါးပါး။ ဘာဖြစ်နေတာလဲ ”
သမီးနဲ့ ဇနီးဖြစ်သူ တွေရဲ့ စိုးရိမ်တဲ့အသံကို ကြားတော့ ကျုပ်သတိရလာတယ်။ ကျုပ်ဟာ မျက်စိကို ဖွင့်လိုက်တယ်ဆိုရင်ပဲ ကျုပ်ရဲ့ မိသားစုက ကျုပ်ကို စိုးရိမ်တကြီးနဲ့ ၀ိုင်းကြည့်နေတာကို တွေ့လိုက်ရတယ်။ ကျုပ်ဟာ ညက ထိုင်နေခဲ့တဲ့ ပက်လက် ကုလားထိုင်မှာပဲ ထိုင်လျက်သား ရှိနေသေးတာကို တွေ့လိုက်ရတယ်။ အဲဒီတော့မှာ ကျုပ်သဘောပေါက်တော့တယ်။ ကျုပ်အိမ်မက်မက်နေတာကိုး။
” သမီး။ သားသား။ ပါးပါး အိမ်မက်မက်နေတာ။ အိမ်မက်ထဲမှာ ပါးပါးလေ လေထဲကနေ ပြုတ်ကျလို့။”
”အမလေး။ ယောက်ျားရယ်။ ဒီမှာ ပူလိုက်ရတာ။ ”အား” ကနဲ အော်လို့ ဘာဖြစ်လဲလို့ စိုးရိမ်သွားတာပဲ။ တစ်ညလုံး ဒီပက်လက်ကုလားထိုင်မှာ ရှင်အိပ်ပျော်သွားတာ။ ဟိုမှာ ကြည့်စမ်း။ မိန်းမ ပြင်ထားတဲ့ ခရစ်စမတ် သစ်ပင်လေ။”
ကျုပ်လဲ သမီးနဲ့ ဇနီးဖြစ်သူ ပြင်ထားတဲ့ ခရစ်စမတ် သစ်ပင်ကို ကြည့်လိုက်တယ်။ အားလုံးဟာ ရောင်စုံမီးတွေ၊ ကြယ်ကလေးတွေ၊ ဘောလုံးလေးတွေ နဲ့ အရမ်းလှတာကို တွေလိုက်တယ်။
”Merry Christmas"
ကျုပ်တို့ မိသားစု တစ်ယောက်ကို တစ်ယောက် ပြောဆို နူတ်ဆက်လိုက်တယ်။ မကြာခင်မှာပဲ ဇနီးနဲ့ မိသားစု စားသောက်ဖွယ်ရာတွေကို ပြင်ဆင်ဖို့ မီးဖိုချောင်ထဲကို ၀င်သွားကြတယ်။ ကျုပ်လဲ ထိုင်နေရာက ထပြီး မီးဖိုချောင်ဖက် သွားမယ်အလုပ်မှာ ၀တ်ထားတဲ့ အနွေးထည်အင်္ကျီထဲက ခိုးလိုးခုလု ဖြစ်နေတာကြောင့် ”ဘာများလဲ” ဆိုပြီး ထုတ်ကြည့်လိုက်တယ်။ ကျုပ်အနွေးထည်ထဲက ဘော(လ်)ပင်တစ်ချောင်း၊ သင်ခန်းစာ (၁၀)ခုကို ရေးမှတ်ထားတဲ့ မှတ်စုစာအုပ်ကလေး နဲ့ အိမ်မက်ထဲက စင်တာကြီးပေးတဲ့ ကလေးတွေအတွက် လက်ဆောင်တချို့ ထွက်ကျလာတယ်။ အဲဒီပစ္စည်းတွေကို တွေ့လိုက်ရတဲ့ ကျုပ်ဟာ ဆံပင်မွှေး၊ လက်မွှေး အပါအ၀င် ကိုယ်ခန္ဓာမှာ ရှိတဲ့ အမွှေးအမျှင် အားလုံး တပြိုင်နက်တည်း ထောင်ထကြကုန်တော့တယ်။
(စာဖတ်သူအားလုံးကို Merry Christmas လို့ နူတ်ခွန်းဆက်သလိုက်ပါတယ်)
(မှတ်ချက်။ ကြယ်၊သိုးထိန်းတုတ်ကောက်၊ ကောင်းကင်တမန် အစရှိသည်တို့သည် ခရစ်စမတ်သစ်ပင်၏ တန်ဆာဆင် ပစ္စည်းများအဖြစ် ယခုအခါ အသုံးပြုကြသည်။)
နာမတော်မြတ်၌
အကြင်နာ လမင်း